ပထမအကြိမ် မြန်မာအော်တစ်ဇင်အားကစားပွဲ ဒီဇင်ဘာ ရ ရက် နှင့် ၈ ရက်တွင် ကျင်းပမည်

ပထမအကြိမ် မြန်မာအော်တစ်ဇင်အားကစားပွဲ ဒီဇင်ဘာ ရ ရက် နှင့် ၈ ရက်တွင် ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။              ။ ပထမအကြိမ် မြန်မာအော်တစ်ဇင်အားကစားပွဲကို ဒီဇင်ဘာ ရ ရက် နှင့် ၈ ရက်တွင် မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ရက်က ပြုလုပ်သည့် အဆိုပါ အားကစားပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာအော်တစ်ဇင်အားကစားပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperating Agency –JICA)နှင့် Asean Autism Network တို့ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

အစိုးရဌာနများ၊ စီးပွားရေးအဝန်းအဝိုင်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများအပါအဝင် ပြည်သူများအနေဖြင့် အော်တစ်ဇင်များအပေါ် အသိပညာကို ပိုမိုကြီးမားသည့်အတိုင်းအတာဖြင့် မြှင့်တင်ရန်နှင့် အော်တစ်ဇင်များ၏ မတူညီသော စွမ်းဆောင်ရည်များကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာအော်တစ်ဇင်အသင်း၏ အမှုဆောင် ဦးနေမျိုးနိုင်က "အော်တစ်ဇင်ကလေးတွေရဲ့မိဘတွေအနေနဲ့ ကြီးကြီးမားမားမျှော်လင့်ထားတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ကလေးတွေကို သာမန်လူတွေလိုပဲ တန်းတူ ရှင်သန်သွားနိုင်ရင် ကျေနပ်ပါတယ်။ ဒီအတွက် ကလေးတွေရဲ့နေ့စဉ်ကြံုတွေ့နေရတဲ့ လူမှုအခက်အခဲတွေကို လျော့ချနိုင်ဖို့လိုပါတယ်။ အော်တစ်ဇင်တွေအတွက် အသိပညာပေးပွဲတွေ လုပ်ခြင်းအားဖြင့် သူတို့ကို များများသိလာမယ်၊ နားလည်ပေးနိုင်ပြီး ကူညီပေးလာနိုင်မှာဖြစ်ပါတယ်၊ လူမှုအသိုင်းအဝိုင်းမှာတန်းတူပါ၀င်နိုင်တဲ့ အခွင့်အရေး အခုလိုအားကစားပွဲတွေမှာ သူတို့အနေနဲ့ ကျန်တဲ့ကလေးတွေလိုလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြချင်တဲ့အတွက် အသင်းကနေ ကျင်းပရခြင်းဖြစ်ပါတယ်" ဟုဆိုသည်။

အဆိုပါအားကစားပွဲတွင် ရေကူး လက်ပစ်ကူးပြိုင်ပွဲမီတာ(၅၀၀)နှင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲတို့ ပါ၀င်မည် ဖြစ်ပြီး ရေကူးပြိုင်ပွဲဝင်မည့် ကလေးများအနေဖြင့် ရေကူးဝတ်စုံ၊ ဖော့၊   မျက်မှန်၊ မျက်နှာသုတ်ပုဝါတို့ ယူဆောင်လာရန် လိုအပ်ပြီး အပြေးပြိုင်ပွဲဝင်မည့် ကလေးများအနေဖြင့် ဖိနပ်၊ ခြေအိတ်၊ ဘောင်းဘီ၊ ချွေးသုတ်ပုဝါတို့ ယူဆောင်လာရန်လိုအပ်ကြောင်း ဦးနေမျိုးနိုင်ကဆိုသည်။

ပြိုင်ပွဲဝင်မည့် အော်တစ်ဇင်ကလေးများအတွက် အားကစားပွဲတလျှောက် အစားအသောက်များ နေ့စဉ်အခမဲ့ စီစဉ် ပေးထားမည်ဖြစ်ပြီး မြန်မာအော်တစ်ဇင်အသင်းတွင် သွားရောက်စာရင်းသွင်းကာ ပြိုင်ပွဲဝင်နိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly