မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘင်္ဂါလီ ၆၉ ဦးသေဆုံး ၂၃၄ ဦး ဖမ်းဆီးရမိ

မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘင်္ဂါလီ ၆၉ ဦးသေဆုံး ၂၃၄ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။              ။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှ နို၀င်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ  ၆၉ ဦး သေဆုံးကာ ၂၃၄ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်က သတင်းထုတ် ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ဘင်္ဂါလီ ဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့ပြီး ဖမ်းဆီးရမိသူများအနက် ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ကာ သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်ဘက်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် အရာရှိ/စစ်သည် ရ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထား သည်။

ထို့အပြင် ဘင်္ဂါလီများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆောက်အဦး စုစုပေါင်း ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် Bangkok Post သတင်းစာတွင် လူနေအိမ်နှင့် လယ်တဲအများစု ပါ၀င်သော အဆောက်အဦ ၄၃၀ လုံး၊ ကြက်ရိုးပြင်ရွာတွင် အဆောက်အဦ ၂၄၅ လုံး၊ ၀ါးပိတ်ရွာတွင် အဆောက်အဦ ၁၀၀ လုံး မီးလောင်ပျက်စီး ခဲ့ ကြောင်း ၊ RB News Website တွင်လည်း ဒါးကြီးစားရွာတွင် အိမ်ခြေ ရ၀၀ လုံးခန့်ပျက်စီးခဲ့ပြီး နို၀င်ဘာ ၁၂ ရက် တိုက်ပွဲဖြစ်စဉ်တွင် ဘင်္ဂါလီ ၈၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည့်အတွက် တပ်မတော်အနေဖြင့် သတင်းမှန်ပြန်လည် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာအုပ်စုအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုုက်ခိုက်သူ ၁၄ ဦးနှင့် အကြမ်းဖက် သင်တန်းဆင်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly