ကမ်းနားလမ်းက The Strand ဟိုတယ်ကို နိုဝင်ဘာ ၁၅ရက်၌ ပြန်ဖွင့်မယ်

ကမ်းနားလမ်းက The Strand ဟိုတယ်ကို နိုဝင်ဘာ ၁၅ရက်၌ ပြန်ဖွင့်မယ်
ဓာတ်ပုံ- Mango Media

ပြန်လည်ပြုပြင်နေဆဲကာလအတွင်း ၆ လကြာပိတ်ထားတဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းက The Strand ကမ်းနားလမ်းဟိုတယ်ကို အခု နို၀င်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

အောင်သူရ: ခင်ဗျားတို့ရဲ့ စီးပွားရေးပုံစံဘယ်လိုမျိုးလဲဆိုတာပြောပြပေးနိုင်မလား

အိုလီးဗီးယား :သူ့ကိုပြည်တွင်းက၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီးတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ ဖြစ်တဲ့ GCP ဟိုတယ်နဲ့ ဧည့်သည်ဝန်ဆောင်မှု ကုမ္ပဏီကပိုင်ဆိုင်ပါတယ်။ သူကထိုင်းမှာအခြေစိုက်ပြီးဟောင်ကောင်နိုင်ငံကကုမ္ပဏီဖြစ်ပါတယ်။ မြန်မာဘက်ကဆိုရင်တော့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကပိုင်ဆိုင်တာဖြစ်ပါတယ်။

အောင်သူရ: မြန်မာနိုင်ငံမှာခင်ဗျားအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ

အိုလီးဗီးယား : အမှန်တော့ ကျွန်တော်ကတရုတ်မှာအလုပ်လုပ်နေခဲ့တာပါ။ ဒီကိုလာချင်လို့ ၃ နှစ်တောင် စောင့်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟိုတယ်ကို ပြန်လည်ပြင်ဆင်တာကို ကျွန်တော် လုပ်ချင်ခဲ့လို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကဆိုရင် ဟိုတယ်ကို ပြင်ဆင်မွမ်းမံတာစလုပ်ဖို့ စီစဉ်နေတဲ့အချိန်မှာ Strand ခရူးဆိပ် သဘောင်္လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တယ်ဗျ။ ဒါကြောင့် မြန်မာနဲ့ ဆက်သွယ်ပြီးအခွင့်အလမ်းတွေ ရဖို့ စောင့်နေခဲ့ပြီးအခုဆိုရင် ဟိုတယ်နဲ့ အပျော်စီးသဘောင်္လုပ်ငန်းကိုစောင့်ရှောက်ဖို့နဲ့ အခြားအရာတွေအတွက် ဒီကိုစေလွှတ်ခြင်းခံခဲ့ရတာပေါ့ဗျာ။ အဲဒိကနေ ၂၀၁၆ ခုနှစ် မေလမှာဟိုတယ်ကိုပိတ်ခဲ့ပြီးဟိုတယ်ရဲ့ အခန်းတိုင်းနေရာတိုင်းအပါအဝင် ရေ၊ လေအေးပေးစက်၊ဘားစတာတွေ အကုန်လုံးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ အချိန် ၆ လထဲနဲ့ လုပ်ကိုင်ခဲ့တာပါ။ အောက်တိုဘာလကုန်မှာအပြီးသတ်လုပ်ကိုင်ပြီးတော့ နို၀င်ဘာလ ၁၅ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။

အောင်သူရ: မြန်မာကိုမလာခင် ဒီကခရီးသွားလုပ်ငန်းအကြောင်းနဲ့ စီးပွားရေးအကြောင်းနဲ့ ပတ်သတ်ပြီးခင်ဗျားဘာတွေ လေ့လာခဲ့ပါသလဲ

အိုလီးဗီးယား: ခင်ဗျားက ကျွန်တော့်ကို နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းကိုပြောဖို့ မေးလာတာပဲဗျ။ ကျွန်တော် တစ်ခုမှ မသိပါဘူး။ ဟိုတယ်လုပ်ငန်းလုပ်ကို်င်သူတွေမှာအကြောင်းပြချက် တစ်ခုထဲပဲရှိပါလိမ့်မယ်။ ကျွန်တော်တို့ကလူတွေကို ၀န်ဆောင်မှုပေးပြီးတော့ သူတို့ကိုပျော်ရွှင်စေချင်တာပါ။ သူတို့ တံခါးပေါက်ကနေအပြင်ကိုထွက်ပြီးဟိုတယ်ကို ကြည့်တဲ့အခါမှာဘုရားရေ!..ကမ်းနားလမ်းဟိုတယ်ကသိပ်ကိုထူးခြားတာပဲ..ဆိုတာမျိုးသူတို့ ပြောကြပါလိမ့်မယ်။ ခင်ဗျားမေးတဲ့ မေးခွန်းအတွက် ရိုးသားစွာပြောဖို့ဆိုရင် ကျွန်တော် လေ့လာခဲ့တာကဒီကခရီးသွားဧည့်သည်အခြေအနေ၊ လေကြောင်းဆိုက်ရောက်တဲ့အကြောင်းနဲ့ ဒီကရင်းနှီးမြုပ်နှံမှု အခြေအနေတွေနဲ့ ဆက်စပ်နေတဲ့ စျေးကွက်အကြောင်းအရာတွေအကုန်လုံးဖြစ်ပါတယ်။ အားလုံးကို ကျွန်တော်တို့ ကျွမ်းကျင် လုပ်ကိုင်နိုင်ပါတယ်။

အောင်သူရ: စိန်ခေါ်စရာဆိုရင် ခင်ဗျားဘာပြောချင်လဲ

အိုလီးဗီးယား: လက်တလောဒီကခရီးသွားလုပ်ငန်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ တွေ့ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုကတော့ စီးပွားရေးအရင်းအမြစ်ရရှိဖို့ကစိန်ခေါ်စရာဖြစ်နေတယ်ဗျ။ ဒီမှာလုံလောက်တဲ့ နိုင်ငံတကာလေယာဉ်ပျံတွေ ၀င်ရောက်လုပ်ကိုင်တာမရှိဘူး၊ ပြီးတော့ ဒီကိုလန်ဒန်တို့ အမေရိကားတို့ ဥရောပဘက်တို့ကတိုက်ရိုက်လေကြောင်းလိုင်းတွေ မရှိဘူးဗျ။ နောက်ပြသနာတစ်ခုက မြို့တစ်မြို့နဲ့ တစ်မြို့အသွားမှာရှိတဲ့ အခြေခံအဆောက်အဦးပဲ။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကိုအမှန်တကယ် ဖွံ့ဖြိုးတိုးတက်ချင်ရင် ဥပမာ..ဒီကနေပုဂံ၊ အင်းလေး၊ မန္တလေးစတာတွေကိုလွယ်လွယ်ကူကူနဲ့ ခရီးသွားနိုင်အောင်လုပ်ကိုင်ပေးနို်င်ဖို့ လိုမယ်။ အခုဆိုဒီကနေ မန္တလေးကိုသွားဖို့ ၁၂ နာရီ ၁၄ နာရီလောက် ကြာတယ်၊ ဒါမျိုးကိုခရီးသွားတွေကိုလုပ်ချင်မှာမဟုတ်ဘူးဗျ။

အောင်သူရ: ဆိုတော့ အစိုးရကခရီးသွားလုပ်ငန်းတိုးတက်ဖို့ လေကြောင်းလိုင်းတွေကိုဂရုတစိုက် လုပ်ကိုင်သင့်တာပေါ့။

အိုလီးဗီးယား: လေကြောင်းလိုင်းစီးပွားရေးပေါ့.. လမ်းကြောင်းများများရအောင် လုပ်ဖို့လိုတယ်။ အစိုးရအနေနဲ့ကဒီကနေ  မန္တလေးကိုသွားဖို့ဆိုရင် ရထားရော..ကားရောသွားလာလို့ အဆင်ပြေမယ့် အခြေခံအဆောက်အဦးဖွံ့ဖြိုးမှုအပိုင်းတွေကိုလုပ်ဆောင်သင့်တာပေါ့ဗျာ။

အောင်သူရ: ကမ်းနားလမ်းဟိုတယ်အသစ်ကဧည့်သည်တွေကိုဆွဲဆောင်နိုင်မှာလား?

အိုလီးဗီးယား : သူကဧည့်သည်တွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုပါ၊ ဘာကြောင့်လဲဆိုတော့ ဒီဟိုတယ်ကအမှန်ကိုကမ္ဘာ့အထင်ရှားဆုံးဟိုတယ်တွေထဲကတစ်ခုဖြစ်ပါတယ်။ သူ့ကိုဆာကီး(Sarkies Brother) ညီအစ်ကိုတွေကတည်ဆောက်ခဲ့တာပါ.ဘုရင်တွေ၊ဘုရင်မတွေလည်းဒီကိုလာရောက်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒီဟိုတယ်ကနေရာတိုင်းမှာကျော်ကြားလျက်ရှိပါတယ်။ ပြီးတော့ လန်ဒန်နဲ့ နေရာတော်တော်များများမှာ Strand ဟိုတယ်တွေ ရှိတယ်လေ၊ ဒီတစ်ခုကတော့ ရန်ကုန်မှာပေါ့၊ သူ့ရဲ့ ဗိသုကာလက်ရာတွေနဲ့ ဘိုးဘွားအစဉ်အဆက်ကတည်းကလှပတဲ့ ဟိုတယ်ဖြစ်နေတယ်လေ၊ကျွန်တော်တို့က ၀န်ဆောင်မှုတွေနဲ့ အတူထိန်းသိမ်းသွားပါ့မယ်။ အဲတော့ ကျွန်တော်တို့က ဂဏ္ဍဝင်ဆန်တဲ့ ဧည့်ခံကြိုဆိုရေးတွေ၊ တကယ့်ကိုကောင်းမွန်လှတဲ့ အစားအသောက်တွေ ..အဲဒိအစားအသောက်ချက် ပေးဖို့ ဒီမှာအီတလီစားဖိုမှူးကလည်းဝန်ဆောင်မှုပေးမှာပါ။ အခန်းတွေဆိုလည်းအပျံစားတွေပဲ။ ဆိုရရင် ဒီဟိုတယ်ကခေတ်မီပြီး ဂန္ထဝင်ဆန််မှုတွေပေါင်းစပ်ထားတာပါ။ ဆိုရရင် သူက ၁၉၀၁ ခုနှစ်ကတည်းဒဏ္ဍာရီဆန်လောက်အောင် မွေးဖွားလာပြီးအခုလည်း ထင်ရှားကျော်ကြားလာဦးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly