မြစ်ဆုံစီမံကိန်း ရပ် မရပ် ကော်မရှင် အစီရင်ခံစာတွင် မပါရှိသေး

မြစ်ဆုံစီမံကိန်း ရပ် မရပ် ကော်မရှင် အစီရင်ခံစာတွင် မပါရှိသေး

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။              ။ လုပ်ငန်းများဆောင်ရွက်ဆဲဖြစ်သဖြင့် စီမံကိန်းရပ်တန့်ရန် သင့်မသင့် အကြံပြုချက်များကို တင်ပြနိုင်ခြင်းမရှိသေးကြောင်း “ ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေ အားလျှပ် စစ်စီမံ ကိန်းများ လေ့လာစိစစ်သုံးသပ် ရေးကော်မရှင်” ထံမှ သိရ သည်။

 “ တွေ့ရှိချက်ပဲ ကျွန်မတို့အရင်တင်ရတာပေါ့နော်။ ဒီဟာကို ဘယ်လိုမျိုးရှိသလည်းဆိုတာ ဒါပဲအရင်တင်ရတာ ကျွန်မတို့ရဲ့ ပထမ အစီရင်ခံစာကတော့ ဒီတိုင်းပဲထွက်ရမှာလေ။ နောက်ကျန်ပါသေးတယ် ။ အဲ့တာကတော့ မပြီးသေးပါဘူးရှင် “ ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်မိကွန်ချမ်းက မဇ္စျိမသို့ဖြေကြားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော် သမ္မတထံတင်ပြခဲ့သည့် အစီရင်ခံစာတွင် စီမံကိန်း ရပ်သင့်မရပ်သင့် အကြံပြုချက် သုံးသပ်ချက်များ မပါ၀င်ခဲ့ဘဲ နောက်ထက်လေ့လာ တွေ့ရှိချက်များကို နိုင်ငံတော် သမ္မတထံဆက်လက် အစီရင်ခံ ဆောင်ရွက်သွားရန် ရှိနေသေးကြောင်း မြစ်ဆုံကော်မရှင်မှသိရသည်။

“ အခုလောလောဆယ် ၃လအတွင်းလုပ်ရလို့ တချို့ဟာတွေမပြီးနိုင်သေးတာလည်း ပါပါတယ်ဗျာ " ဟု ဦးချိုချိုက ဆိုသည်။

တင်ပြခဲ့သည့် ပထမအစီရင်ခံစာတွင် ကော်မရှင်မှလေ့လာစုစည်းထားသော မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်သည့် ရေအားလျှပ်စစ်အရင်းအမြစ်များနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၊ ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများဖြစ်ပေါ်လာပုံနှင့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော စာချုပ်စာတမ်းများ ၊ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ထည့်သွင်းဖော်ပြ ထားကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် တွေ့ဆုံမေးမြန်းသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ၊ လေ့လာစိစစ်သုံးသပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှသိရသည်။

“ သူတို့လည်း ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေမှာပေါ့။ ဒါမှမဟုတ်လည်း အတွင်းထဲမှာ နည်းနည်း ညှိနှိုင်းစရာတွေ ပေါ်နေသလားတော့ မသိဘူး ။ ဒါပေမယ့် ကိုယ်တို့ကတော့ အကောင်းမြင်မှာပဲ   နောက်ဆုံးမှာ လူထုရဲ့သဘောထား အတိုင်း ဖြစ် လာလိမ့်မယ်လို့ပဲ အခုချိန်ထိ ယုံကြည်ပါတယ် " ဟု သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးထွန်းလွင်က ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၈ ရက်တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုု့အပြင် ကော်မရှင်သည် အာက်တိုဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံပိုင် CPI Yunnan International Power Investment Co., Ltd. (CPIYN) နှင့် Changjiang Institute of Survey, Planning, Design and Research (CISPDR) တို့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံ ကိန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်သူများ၏ တောင်းဆိုမှုအရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ သြဂုတ်လ ၁၂ ရက်တွင် ကော်မရှင် ဥက္ကဌအဖြစ် ပြည်သူ ့လွှတ်တော် ဒုတိယဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ်အား တာဝန်ယူစေကာ   ပြည်ထောင်စုဝန်ကြီး ၆ ဦး ၊ ပြည်ထောင်ရှေ့ နေချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ ့ဝင် (၂၀ )ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly