၃ လအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်း တင်ပို့သွားမည်

၃ လအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်း တင်ပို့သွားမည်
ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းတွင် တင်ပို့ရောင်းချနေသော ဆန်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။           ။  နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလလ သုံးလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

" အာဖရိကပေါ့နော်၊ ဥရောပနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကို တင်ပို့သွားမှာပါ" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌဋ္ဌ ဒေါက်တာစိုးထွန်းက မဇ္ဈိမသို့ ပြောသည်။

မြန်မာဆန်စပါးကို အဓိကထားဝယ်ယူနေသည့် တရုတ်နိုင်ငံကို တရားဝင် တင်ပို့ခွင့် မရသေးကြောင်း ၄င်းက ဆိုသည်။

ယခုကဲ့သို့ တင်ပို့မှုကို မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နှင့် အသင်းဝင် ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာသန်း(၉၀)ခန့် ပြည်ပပို့ကုန် ၀င်ငွေ ရရှိမည်   ဖြစ်ကြောင်း ဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

" အခုဖြစ်ပေါ်နေတဲ့ ဆန်စျေး စပါးစျေး ကျတဲ့ဟာတော့ အထိုက်အလျောက်တည်ငြိမ်သွားမယ်လို့ ထင်ပါတယ်" ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

နို၀င်ဘာ ၁၀ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၌ အသင်းဝင်ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ထွက်ကုန်များ အမြန်ဆုံး တင်ပို့ရောင်းချနိုင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly