ကာကွယ်ရေး ဦးစီးချုပ်ကို လှောင်ပြောင်သူ ထောင်ဒဏ်ချမှတ်ခံရ

ကာကွယ်ရေး ဦးစီးချုပ်ကို လှောင်ပြောင်သူ ထောင်ဒဏ်ချမှတ်ခံရ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံကို ကွန်ပျူတာ နည်းပညာအသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ယက်ပေါ် လွှင့်တင်ခဲ့သည်ဟုဆိုကာ ကြက်ဖကြီးအကောင့် ပိုင်ရှင် ကိုလှဘုန်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ ) အပါအဝင် အမှု ၄ မှုဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ချမှတ်လိုက်သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ ခ၊ နိုင်ငံတော်အလံ အက်ဥပဒေ ပုဒ်မ ၁၆ တို့ဖြင့် အမှု လေးမှုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆လစီ ချမှတ်ခဲ့ပြီး လေးမှုပေါင်း နှနှစ် ကျခံစေရန် နိုဝင်ဘာလ ၁၁ရက်နေ့ ညနေ၃နာရီခွဲခန့်က အမိန့်ချမှတ်ခဲ့ကာ ထောင်ချုပ်ရက် ၉လအား ထုတ်နှုတ် ခံစားခွင့်ပြုခဲ့သည်။

ကိုလှဖုန်းသည် ပုဒ်မ ၆၆ ဃ နှင့် ပုဒ်မ ၅၀၅ ခ တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ဧပြီ ၈ ရက်နေ့တွင် နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့်ထပ်မံတရားစွဲဆိုခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကြက်ဖကြီး (ခ) ကိုလှဘုန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်း လည်းဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရမှု (၁၈)မှု ရှိပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ (၈)ဦးအထိ ရှိနေသောကြောင့်  ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ(၁ဝ)ရက်နေ့ အထိ ကောက်ခံရရှိသောစာရင်းများအရ  ၆၆(ဃ) နဲ့ တရားစွဲဆိုမှု စုစုပေါင်း (၂၆)မှုရှိနေကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ မောင်ဆောင်းခ က၄င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

ချွင်းချက်အနေဖြင့် တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသော အမှုများနှင့် ရဲစခန်းမှာတင်အမှုပိတ်သိမ်းသွားသော အမှုများ ထည့်သွင်းတွက်ချက်ခြင်း မရှိထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly