ဒေါ်နယ်လ်ထရန့်လက်ထက်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ

ဒေါ်နယ်လ်ထရန့်လက်ထက်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ
Photo-EPA

နေပြည်တော်(နိုဝင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။                ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိသူ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်က အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီး ရီပတ်ဘလစ်ကန် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ဘီလီယံနာ သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က သမ္မတရွေးကောက်ပွဲတွင် ယနေ့ အနိုင်ရရှိသွားပြီဖြစ်သည်။

ထို့ကြောင့် နောက်လာမည့် ဒေါ်နယ်လ်ထရမ့် သမ္မတသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအပေါ် မည်မျှထိ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား မဇ္ဈိမက မေးမြန်းထားပါသည်။

ဦးဇော်ဌေး(သမ္မတရုံးပြောခွင့်ရသူ)

ဟီလာရီ ကလင်တန်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့လုပ်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို လုပ်လာပေးတဲ့ဟာက အဓိက ရီပတ်ဘလစ်ကန်တွေ။ ဆီးနိတ်နဲ့ ကွန်ဂရက်က ရီပတ်ဘလစ်ကန်တွေ အဓိကဖြစ်တယ်။ မက်ကိန်းတို့ မက်ကောနဲတို့၊ အဓိက မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူဖို့ပေါ့၊ ဥပဒေတွေလုပ်ခဲ့တယ်။ တွန်းအားပေးခဲ့တဲ့ဟာ ရီပတ်ဘလစ်ကန် သမ္မတ ဘုတ်ချ် လက်ထက်မှာ။ အဲ့တော့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အရ နည်းဗျူဟာတွေ နည်းနည်း ပြောင်းလို့ရမယ်။ ဆိုလိုတာက ဦးစားပေးလေးတွေ နည်းနည်း အလျော့အတင်းရှိမယ်။ သို့သော် သူ့ရဲ့ ပင်မ မူဝါဒကြီးက ပြောင်းသွားလို့မရဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်ရဲ့ Interset ပေါ့။ အမျိုးသား အကျိုးစီးပွား ဖြစ်တယ်။ သူ့ရဲ့ မဏ္ဍိုင်ပြုထားတဲ့ မူဝါဒတွေလည်း ဖြစ်တယ်။ အဲ့တော့ သူ့ရဲ့ မူဝါဒ ကြီးကြီးမားမား ပြောင်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ သို့သော် တစ်ချို့သော မဟာဗျူဟာ အရ အပြောင်း အလဲလေးတွေတော့ ဖြစ်လာနိုင်တယ်။ ဥပမာ ထရမ့်က ပူတင်နဲ့ဆိုတော့ ပိုအဆင်ပြေတယ်။ ပူတင် ရုရှားကို အခု ဒီမိုကရက် လက်ထက်မှာ ပိတ်ဆို့တာတွေ လုပ်ထားတယ်ပေါ့။ ဒီလိုဟာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ၀ါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းကို လွှမ်းမိုးထားတာက ရီပတ်ပလီကင် ပါတီ ဖြစ်သွားပြီ။ အိမ်ဖြူတော်မှာလည်း ရီပတ်ပလီကင် သမ္မတ ရောက်လာပြီ။ ဒါပေမဲ့ အခုလက်ရှိ အထက်လွှတ်တော် အောက်လွှတ်တော်ရော နှစ်ရပ်လုံးမှာ ရီပတ်ပလီကင်တွေက အသာစီးရထားတယ်။ ရထားတဲ့ အတွက်ကြောင့် နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲ ဖြစ်ဖို့အတွက် တော်ရုံတန်ရုံ မလွယ်ဘူး။ ထရမ့်က သူလုပ်ချင်ရာလုပ်မယ်ဆိုတာကို အထက်လွှတ်တော် အောက်လွှတ်တော်က ပြန်ထိမ်းချုပ်မှာ ဖြစ်တဲ့ အတွက် ကြီးကြီးမားမား အများကြီး ပြောင်းလဲသွားမယ်လို့ မယူဆဘူး။ ဒါပေမဲ့ စီးပွားရေးရယ်၊ လူဝင်မှုကြီးကြပ်ရေးရယ် အပိုင်းမှာ ပြင်းပြင်းထန်ထန်လုပ်သွားဖို့တော့ရှိတယ်။ နိုင်ငံရေး အပိုင်းမှာတော့ ဂငယ်ကွေ့ကွေ့သွားလောက်တဲ့အထိတော့ မမျှော်လင့်နိုင်ဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆက်ဆံရေး မူဝါဒကတော့ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ရော ပါတီနှစ်ရပ်လုံးကနေပြီးတော့ သဘောတူလက်ခံ ထောက်ခံထားတဲ့ မူဝါဒ ဖြစ်တယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့မှု ပယ်ဖျက်ဖို့ ဥပဒေဆိုတာ လွှတ်တော်ထဲမှာ ခွင့်ပြုရတယ်။ သမ္မတရဲ့ အထူးအမိန့်ကို ပြန်ပြီးတော့ လွှတ်တော်က ၁၄ ရက်အတွင်း ကန့်ကွက်ခြင်း မရှိခဲ့ရင်၊ အဓိက ပါတီကြီးနှစ်ရပ်လုံးရဲ့ တူနေတဲ့ ဘုံ မူဝါဒတစ်ရပ်ဖြစ်တဲ့ အတွက် ကြီးကြီးမားမား ပြောင်းလဲ စရာမရှိဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့၊ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးက အခု သွားနေတဲ့ အနေအထားက ခုချိန်မှာ မြန်မာနိုင်ငံ ပိတ်ဆို့မှု တွေ ဖွင့်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့ အချိန်မှာ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စသည်ဖြင့် စီးပွားရေးအရ အားကောင်းတဲ့ နိုင်ငံတွေ၊ အဲ့နိုင်ငံတွေ မျှော်လင့်လို့ရတယ်။ အမေရိကန်ဖက်က အဓိက နိုင်ငံရေးအရ ထောက်ခံမှုပဲ။ အဲ့တာ အရေးကြီးသွားပြီ။ ဒါပေမဲ့ အာရှ ပစိဖိတ် မူဝါဒနဲ့ ပတ်သက်လို့ ထရမ့်က ဘယ်လိုသွားမလဲ ကျွန်တော်တို့ ကြည့်ရမယ်။

ဦးမြင့်စိုး(ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်တာ၊ မသက်ရောက်တာထက် ကမ္ဘာမှာ အရေးကြီးတာကတော့ ကိုယ်တို့လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုပဲလေ။ အဲ့တော့ အဖွဲ့ဝင်နိုင်ငံတခုဆိုတဲ့အခါကျတော့ ဒီနေ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အထူးသဖြင့် အစ္စလာမ်မစ်အစွန်းရောက်ဝါဒတွေကို ချေမှုန်းတိုက်ခိုက်ရေးနဲ့ပတ်သက်လို့ရှိရင် တချို့နေရာတွေမှာ လူ့အခွင့်အရေးစံနှုန်းနဲ့ သွားပြီးတော့ တိုင်းတာလို့မရတာတွေက အများကြီးပဲ။ ဒီကနေ့ သူတို့နိုင်ငံမှာလည်း ဒီလိုပဲ။ တချို့ဟာတွေမှာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ အော်လာတယ်။ အဲ့လို လူ့အခွင့်အရေးအော်ပြီးတော့ လူ့အခွင့်အရေးအရပဲ နေရာတိုင်းမှာ ကြည့်နေမယ်ဆိုရင်တော့ ကိုယ်တို့ရဲ့ အမျိုးသားရေးဟာ နောက်ကိုရောက်သွားလိမ့်မယ်။ အထူးသဖြင့်ကတော့ ကိုယ်တို့က ဘာလဲဆိုတော့ တကယ့်တကယ် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ အမျိုးသားအကျိုးစီးပွားပဲ။ ကိုယ့်အမျိုးသားရေးကို ရှေ့တန်းတင်ရမယ်။ နိုင်ငံရေးမှာလည်း ဒီလိုပဲ။ မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသားရေးက အဓိကကျတယ်လို့ ကိုယ်တို့အနေနဲ့ ယုံကြည်တာပေါ့။ အဲ့တော့ ဒီနေ့ ဒေါ်နယ်လ်ထရန့် နိုင်သွားတဲ့အကြောင့်မို့လို့ ကမ္ဘာမှာတော့ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာနိုင်တယ်လို့ ကိုယ့်အနေနဲ့ ဒီလိုပဲ ယူဆယ်တယ်။ ဒါကတော့ တကမ္ဘာလုံးအနေနဲ့ ရိုက်ခတ်လာနိုင်တာပေါ့။ ဒါကြောင့်မို့လို့ အမျိုးသားရေးဟာ ပိုမိုပြီးတော့ အရေးကြီးလာပြီလို့ ကိုယ့်အနေနဲ့ ထင်ပါတယ်။

ဦးမြအေး(၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ကျွန်တော်မြင်တာ တခုရှိတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာကျတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော ဘာရော ဒီမိုကရေစီအသားကျပြီးတဲ့နိုင်ငံလေ။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘယ်လိုပဲပြောပြော ပြောလာကြတာတွေတော့ ရှိတာပဲလေ။ အမေရိကန်လိုနိုင်ငံမျိုးက အမျိုးသားရေးအစွန်းရောက်လို့ ပြောလို့မရတဲ့ အခြေအနေရှိတယ်။ ဘာကြောင့်လည်းဆိုတော့ အမေရိကားဆိုတာ နဂိုကတည်းက လူမျိုးတမျိုးကနေ ကျယ်လာတဲ့နိုင်ငံ မဟုတ်ဘူးဗျ။ သူ့ဟာနဲ့သူ ထိန်းညှိသွားပါလိမ့်မယ်။  မြန်မာပြည်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာကျတော့ ကျွန်တော်တို့နိုင်ငံက တရုတ်နဲ့လည်း အိမ်နီးနားချင်း နိုင်ငံဖြစ်တော့ အမေရိကားနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို အခု သမ္မတဖြစ်လာမယ့် အနိုင်ရပြီလို့ ယူဆရဲတဲ့ ထရန့်က ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။ အဲ့ဒါကတော့ ကျွန်တော်တို့နိုင်ငံအတွက်က သက်ရောက်မှုကတော့ ရှိမှာပါ။ အခုအချိန်မှာတော့ ပြောဖို့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။

ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသုံးသပ်သူ)

ထရန့် တက်လာတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လိမ့်မယ်လို့ ကျွန်တော်က ယူဆပါတယ်။ သူအခု ပြောဆိုနေတဲ့ကိစ္စက အမေရိကန်နိုင်ငံအနေနဲ့ နို်င်ငံတကာ တာဝန်တွေကို ယူဖို့ သိပ်မလိုအပ်တော့ဘူးဗျာ။ နောက်ပြီးတော့ သူ တိုင်းပြည်ကို အားရှိအောင်၊ စီးပွားရေးအရ အောင်မြင်အောင် လုပ်မယ်ပေါ့။ အဲ့လို သဘောထားတွေရှိတဲ့အောက်မှာ သူက နိုင်ငံတကာအခင်းအကျင်းနဲ့ပတ်သက်လို့ သူ့အနေနဲ့ ကြီးမားတဲ့အလှည့်အပြောင်းတွေလုပ်မယ်လို့ ကျွန်တော့အနေနဲ့ မျှော်လင့်ထားတယ်။ အဲ့ဒီအချက်အောက်မှာ မြန်မာနိုင်ငံလည်း ပါပါလိမ့်မယ်။ ဒေါ်နယ်လ်ထရန့်က အခု နိုင်ငံတကာအခင်းအကျင်းဆိုတဲ့ နေရာမှာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့တာဝန်တွေကို သိပ်ဂရုစိုက်တော့မှာ မဟုတ်ဘူး။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့လမ်းကြောင်းမှန်သမျှ သူက လုပ်တော့မှာပဲ။ အဲ့တော့ တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးသည်ပင်လျှင် အပြောင်းအလဲ ဖြစ်လာမယ်။ အင်အာကြီးနိုင်ငံ နှစ်နိုင်ငံရဲ့ ယှဉ်ပြိုင်ဘက်ဆိုတာထက် ပူးပေါင်းဆောင်ရွက်တဲ့ဘက်ကိုလဲ ရောက်လာနိုင်တယ်။ အဲ့လိုအခြေအနေအောက်မှာ ကျွန်တော်ထင်တာက ဟီလာရီကလင်တန်ရောက်လာလို့ရှိရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာမှာ အားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ထရန့်နေရာရလာတဲ့အတွက် မြန်မာပြည်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကတော့ ဟီလာရီလက်ထက်ထက် မသာတောင်မှ မနိမ့်ကျနိုင်ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြားမှာ မြန်မာပြည်က သူ့ရဲ့ ဗဟာဗျူဟာစီးပွားရေးအကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့လိုအပ်တဲ့အချိန်မျိုးမှာ အဲ့လို ဖြစ်လာတဲ့အတွက် ပိုမိုပြီးတော့ စီးပွားရေးက လုပ်ပိုင်ခွင့်တွေ အရင်ကထက် ရလာလိမ့်မယ်လို့ထင်တယ်။ သူ(ထရန့်)ကတော့ သူ့တိုင်းပြည် အကျိုးရှိမယ်ဆိုရင် လုပ်မယ့်သဘောရှိတယ်။ အဲ့တော့ အဲ့ဒီအခြေအနေအောက်မှာ အဲ့ဒီလို မဟာဗျူဟာ အခင်းအကျင်းပြောင်းလဲလာတဲ့အောက်မှာ မြန်မာပြည်အတွက် စီးပွားရေးအရတော့ အကျိုးရှိတဲ့အခွင့်အလမ်းတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly