Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ကို ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်

Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ကို ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်

Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့ တာမွေ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ဒီကနေ့ တိုင်းဒေသကြီးအစိုးရရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က Eleven သတင်းစာပါ ရွေးကောက်ပွဲ ၁ နှစ်ကြာသော် အယ်ဒီတာ့အာဘော်မှာ ဒေါ်လာတစ်သိန်းကျော်တန်တဲ့ Patek Phillipe နာရီကို အစိုးရအကူးအပြောင်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းအောင်သွားတဲ့ မူးယစ်ဆေးဝါးအမှုနဲ့ မကြာသေးခင်ကမှ ထောင်ကထွက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ဝန်ကြီးချုပ်ကို ပေးတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒီလိုရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်နာမည်နဲ့ သူဌေးနာမည်တွေ ပြောပြဖို့ စာပို့အကြောင်းကြားခဲ့ပြီး Daily Eleven ကတော့ မီဒီယာကို ဖိအားပေးကြောင်း နောက်တနေ့သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Daily Eleven ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဒေါက်တာသန်းထွဋ်အောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ 
ဆက်တိုက်ရေးသားဖော်ပြနေတဲ့အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားခြင်း ခံထားရသည်မှာ မှန်ကန်ကြောင်း တရားဥပဒေအတိုင်း ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမကို ပြောပါတယ်။

ပုဒ်မ ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မဟာ ဘယ်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးကို ခြောက်လှန့်တောင်းယူခြင်း အနိုင်အထက်ပြုခြင်း မတရားတားဆီးကန့်ကွက်ခြင်း အသရေဖျက်ခြင်း နှောက်ယှက်ခြင်း မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက ထိုသူကို ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒါဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း  ပြဌာန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly