ဒေါ်လာ တစ်သိန်းတန်နာရီ ဦးဖြိုးမင်းသိန်း မပတ်ဟု ဦးဝင်းထိန် ဖြေရှင်း အထောက်အထား ခိုင်လုံ၍ ရေးခြင်းဟု Eleven ပြော

ဒေါ်လာ တစ်သိန်းတန်နာရီ ဦးဖြိုးမင်းသိန်း မပတ်ဟု ဦးဝင်းထိန် ဖြေရှင်း အထောက်အထား ခိုင်လုံ၍ ရေးခြင်းဟု Eleven ပြော

ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာ တစ်သိန်းတန် လက်ပတ်နာရီကို မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံခဲ့ရသူ စီးပွားရေး သမားတစ်ဦးထံမှ လက်ဆောင် ရယူခဲ့သည်ဟု Daily Eleven သတင်းစာ၏ ဖေါ်ပြချက်သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်းဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သူ ဦးဖြိုးမင်းသိန်းကို ရည်ညွှန်းသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က အဓိပ္ပါယ်ဖွင့်ကာ မဟုတ်မှန်ကြောင်း မဇ္ဈိမသို့ ငြင်းဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ Eleven Media ကို တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆက်လက် ပြောဆိုပါတယ်။ ယင်းပြောဆိုမှုများနှင့် ပတ်သက်၍ Eleven Media ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးက Eleven Media Group အပေါ် တိုက်ရိုက် စွပ်စွဲသလိုဖြစ်တဲ့ အတွက် တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Eleven media တွင်ရေးသားဖော်ပြခဲ့သည့် အယ်ဒီတာအာဘော်သည် မှန်ကန်သည့် အချက်အလက်များ အပေါ်အခြေခံထားကြောင်း အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမ၏ မေးမြန်းချက်ကို   ပြန်လည်ဖြေဆိုခဲ့ပါတယ်။

သို့သော် ဦးဝင်းထိန်ကတော့ “ဖြိုးမင်းသိန်းက အဲ့ဒီနာရီ မပတ်ဘူး သူပတ်တဲ့နာရီက Rolex အဲ့ဒါ သူ့မိန်းမ ဝယ်ပေးတာ။ အဲ့ဒီလို အထောက်အထား မခိုင်လုံဘဲနဲ့ ရေးတဲ့ဟာ သူ့ဘက်က စာနယ်ဇင်းကျင့်ဝတ် ချိုးဖေါက်တာ” လို့ ဦးဝင်းထိန်က မဇ္ဈိမကို ပြောဆိုပါတယ်။

Daily Eleven ရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က၂၀၁၆-ခုနှစ် နိုဝင်ဘာလ ၇ ရက် ရက်စွဲနဲ့ စောလျင်စွာ ပြန်လည်ဖြေကြားပေးဖို့ အကြောင်းကြားစာ ပေးပိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Daily Eleven မှာ ရွေးကောက်ပွဲ တစ်နှစ်ကြာသော် ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အယ်ဒီတာ့ အာဘော်မှာတော့ “လစာဒေါ်လာ၂၅၀၀ ခန့်သာ ရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းခန့် တန်သည့် Patek Philippe နာရီ ဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့အနည်းဆုံး လုပ်ခ နှစ်ဒေါ်လာခွဲသာ ရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်” လို့ရေးသားဖေါ်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly