မောင်တောမြို့နယ်အတွင်းမှ ခေတ္တအုပ်ချုပ်ရေးမှူးအပါအဝင် မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်းမှ ခေတ္တအုပ်ချုပ်ရေးမှူးအပါအဝင် မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၇ ။            ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာအနီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ခေတ္တအုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် မသင်္ကာဖွယ် လူ ၄ ဦးကို ထပ်မံဖမ်းဆီးရမိထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၅ ရက်တွင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များသည် ဒုညောင်ပင်ကြီးကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး မူဟာ မတ်ဘူဖိုက် (ဘ)ရော်ရှီးအာမတ်အား တွေ့ဆုံမေးမြန်းစဉ် ၎င်း၏ဖြေကြားချက်များမှာ အကျိုးအကြောင်းဆီ လျော်မှုမရှိ သဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုစတင်ဖြစ်ပွားသည့် အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသူပေါင်း ၁၀၀ဦး ခန့်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

“ ဖမ်းမိတာ ၁၀၀၊ သေဆုံးတာ ၃ယောက်၊ ပြန်လွှတ်တာက ၄ယောက်၊ တစ်ဦးကတော့ တရားစွဲတင်ထားတာဆိုတော့ အားလုံးပေါင်း လောလောဆယ် ၉၂ ဦးဖမ်းထားတာရှိပါတယ် " ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့် ကျော်က ပြောသည်။

တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းမှုများဆောင် ရွက်စဉ်  မောင်တောမြို့နေ  အဘူဆော်ယောက်၊ နူအာလောင်(ဘ)အဒူဟာကိန်း  ၊ နူရ်အာလောင် (ဘ) မော်ဘီဟူ ဆောင်းနှင့် ခေတ္တအုပ်ချုပ်ရေးမှူး မူဟာမတ်ဘူဖိုက်တို့် ၄ ဦးကိုဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ဘင်္ဂါလီလေးဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးအတွက် မောင်တောမြို့ မရဲစခန်းနှင့် အင်းဒင်ရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း   မြဝတီသတင်းစာတွင်ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly