နေရပ်စွန့်လာသူ အားလုံးနီးပါး မောင်တောသို့ပြန်

နေရပ်စွန့်လာသူ အားလုံးနီးပါး မောင်တောသို့ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၇ ။              ။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်သို့ ထွက်ပြေး တိန်းရှောင်နေသည့်  မောင်တော ဒေသခံအားလုံးနီးပါးမှာ ၎င်းတို့၏ နေရပ် ပြန်သွားပြီဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားသည့် အောက်တိုဘာ ၉ရက်နေ့မှ နိုဝင်ဘာလဆန်းပိုင်းထိ မောင်တောဒေသမှ ဘူးသီးတောင်သို့ နေရပ်စွန့်ခွာလာသည့် အိမ်ထောင်စု ပေါင်း ၄၀၀ ခန့်ရှိပြီး လက်ရှိအချိန်ထိ အိမ်ထောင်စု  ၇ စု သာကျန်ရှိ ကြောင်း ၎င်းက ပြောသည်။

" ကျောင်းလည်းဖွင့်တယ်ဆိုတော့ ဒုက္ခသည်တွေပြန်သွားကြတယ်။ လက်ရှိအနေနဲ့ ကျွန်တော်တို့အခု သုဓမ္မာရုံမှာ အိမ်ထောင်စု ၇ စုပဲကျန်ခဲ့တယ်" ဟု ဦးထွန်းအောင်သိန်းက ဆိုသည်။

ကုလသမ္မက ညှိနှိုင်းရေးမှုး၊ လူ့အခွင့်အရေးအဖွဲ့နှင့် နိုင်ငံတကာ သံကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်ရှိ အခြေ အနေများကို သွားရောက် လေ့လာသည့် နိုဝင်ဘာ ၃ရက်နေ့တွင် ရဲကင်းစခန်းတစ်ခုကို အမည်မသိ ၅ဦးမှဝင် ရောက်တိုက်ခိုက်မှုကြောင့် နေရပ်ပြန် ဒုက္ခသည်များသည် အပြည့်အ၀ လုံခြုံမှုမရှိသေးကြောင်း ဦးထွန်းအောင်သိန်း၏ ပြောဆိုချက်အရ သိရသည်။

“ အဲဒီအတွက်ကြောင့် သူတို့ အဲမှာနေကြသော်လည်းပဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသေးဘူးခင်ဗျ။ ကျွန်တော်တို့လုပ်တဲ့ အရပ်ဖက်အဖွဲ့စည်းတွေကနေပြီးတော့ သူတို့ပြန်မယ် ဆိုရင်မြို့နယ် အုပ်ချုပ်ရေးမှူးဆီက ကားတွေလှမ်းတောင်းတယ်။ ကားတွေရောက်လာတယ်ဆိုရင် သူတို့ကိုတင်ပေးလိုက်တာပဲရှိတယ် " ဟု၎င်းက ဆိုသည်။

အစိုးရဘက်မှလည်း နေရပ်ပြန်သူများကို လုံခြုံမှုရှိစေရန် ကျေးရွာများတွင် လုံခြုံရေးများ တိုးချဲ့ချထားပေးလျှက်ရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုန်ပြန်ထားသည်။

လက်ရှိအချိန်ထိ  နယ်မြေရှင်းလင်းမှုအရ အောက်တိုဘာ ၁၉ရက်ထိ ထိတွေ့မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ အသေဖမ်း မိသူ ၃၃ ဦး၊ အရှင်ဖမ်းမိ ၈၉ ဦးဖမ်းမိကာ လက်နက်ငယ် ၁၀ လက် ပြန်လည်ရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ချက် အရ သိရသည်။

အောက်တိုဘာ ၉ ရက် မနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုကြောင့် မောင်တော မြောက်ပိုင်းတွင် လုံခြုံရေးအရ မတည်မငြိမ်မှုများရှိနေခဲ့ပြီး အဆိုပါဒေသမှ တိုင်းရင်းသားများသည် မောင်တောမြို့၊ ဘူး သီးတောင်မြို့နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly