“မူးယစ်ဆေးဝါးက နိုင်ငံတော်ရဲ့အန္တရာယ် ဖြစ်လာပြီ”- သမ္မတ ဦးထင်ကျော်

“မူးယစ်ဆေးဝါးက နိုင်ငံတော်ရဲ့အန္တရာယ် ဖြစ်လာပြီ”- သမ္မတ ဦးထင်ကျော်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ မူးယစ်ဆေးဝါးသည် နိုင်ငံတော်၏ အန္တရာယ်ဖြစ်နေသည့်အတွက် မိဘများအနေဖြင့် မိမိတို့သားသမီးများကို မူးယစ်ဆေးဝါးအန္တရာယ်ကို သတိပြုမိစေသည့် စာပေအမျိုးအစားကို ဖတ်ရှုစေရန် အလေးပေးသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်သည်။

“မူးယစ်ဆေးဝါးက နိုင်ငံတော်ရဲ့အန္တရာယ် ဖြစ်လာပြီ။ အရှိကို မရှိတဲ့အနေနဲ့ ဟန်ဆောင်လို့ မရဘူး။ အဲ့ဒီတော့ မိဘ၊ ဆရာတွေ အများကြီး အရေးကြီးတယ်” ဟု နေပြည်တော်ရှိ MICC-2 တွင် နိုဝင်ဘာ ၅ရက်က ပြုလုပ်သည့် ကလေးစာပေပွဲတော်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် သမ္မတဦးထင်ကျော်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သားသမီးကို ချစ်တယ်ဆိုပေမယ့် နှစ်ရာမရောက်အောင်၊ ချစ်လို့ရှိရင် တကယ်ချစ်တဲ့အရာရောက်အောင် လမ်းမှန်ကိုပြဖို့၊ ကလေးတွေ အပေါင်းအသင်းမမှားဖို့၊ ကလေးတွေ မုန့်ဖိုး သုံးတာ၊ စွဲတာက အစ ဘယ်လိုသုံးသလဲ၊ ဘာတွေသုံးသလဲဆိုတာ သတိထားစေချင်တယ်” ဟုလည်း သမ္မတဦးထင်ကျော်က ပြောသည်။

မူးယစ်ဆေးဝါး အဓိက တင်ပို့ရာ၊ တရားမဝင် ထုတ်လုပ်ရာ နိုင်ငံများအဖြစ် အမေရိကန်အစိုးရက သတ်မှတ်စာရင်းသွင်းထားသည့် နိုင်ငံပေါင်း ၂၂နိုင်ငံတွင် မြန်မာနိုင်ငံလည်း တစ်ခုပါဝင်နေသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်ပင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာသည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် လူသုံးဦးထံမှ ကျပ်သိန်း(၄၀)ကျော်တန်ဖိုးရှိ မူးယစ်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက ပြီးခဲ့သည့် ဩဂုတ်လတွင် သတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly