အစိုးရအနေဖြင့် စပါးစျေး ပြန်တက်ရန် အခြေခံနှုန်းထား တစ်ခုပေးပြီး စပါးဝယ်ယူဖို့ ပြင်ဆင်နေ

အစိုးရအနေဖြင့် စပါးစျေး ပြန်တက်ရန် အခြေခံနှုန်းထား တစ်ခုပေးပြီး စပါးဝယ်ယူဖို့ ပြင်ဆင်နေ
ဧရာဝတီတိုင်းအတွင်း စပါးများ ရိုက်သိမ်းအပြီး ခြွေလှေ့ နေကြသူများအားတွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)

ရန်ကုန်၊ နိုဝင်ဘာ ၅ ။            ။ စပါးဈေးကျဆင်းနေမှုကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ ပူးပေါင်းကာ အခြေခံနှုန်းထား တစ်ခုပေးပြီး စပါးဝယ်ယူပေးဖို့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက မဇ္ဈိမသို့ပြောသည်။

"လောလောဆယ်စီစဉ်နေတာတော့ ရှိတယ်။ အသေးစိတ်တော့မထုတ်ပြန်သေးဘူး။ အစိုးရအနေနဲ့ မဝယ်ပေးဘူးဆိုရင် ဒီထက်ဈေးပိုကျလာနိုင်တယ်" ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းစပါးဖြစ်သည့် မနောသုခ၊ ဆင်းသုခ စပါးဈေးနှုန်းသည် တင်း ၁၀၀ လျှင် သုံးသိန်းခွဲ မှ လေးသိန်းနီးပါးသာ ရှိနေသောကြောင့် အစိုးရက အနိမ့်ဆုံး ကြမ်းခင်းဈေး ဝယ်ယူပေးလျှင် လယ်သမားများ အဆင်ပြေနိုင်ကြောင်း လွတ်လပ်သော တောင်သူလယ်သမားများ အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

"ပြေပါတယ်။ အန်ကယ်တို့တောင်းတဲ့ ကြမ်းခင်းဈေးဆိုတာ ကမ္ဘာ့ဆန်ပေါက်ဈေးထက် မြင့်ပြီးတောင်းတာ မဟုတ်ဘူးလေ။ အစိုးရက လေးသိန်းခွဲဈေးပေးရင် ကျန်တဲ့ကုန်သည်တွေက လေးသိန်းခွဲဈေး မပေးလို့ မရဘူး" ဟု ဦးသိန်းအောင် ကပြောသည်။

ပြည်ပသို့ဆန်တင်ပို့မှု လျော့ကျသည့်အချိန်တွင် ဆန်အသစ်ပေါ်ခြင်းကြောင့် ဈေးကွက်သဘောအရ ဝယ်လိုအားနည်းပြီး စပါးဈေးကျခြင်းကြောင်းဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

"ပြည်ပ ပို့တာ နည်းသွားတာပေါ့နော်။ မနှစ်ကထက် ဒီနှစ် ကျသွားတယ်၊ တန်ချိန် နှစ်သိန်းလောက်လျော့တယ်၊ လျော့တော့ လက်ကျန်တွေများတယ်။ လက်ကျန်တွေများတဲ့အတွက် ဈေးတွေကျတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်)ချေးငွေ ကို ပြန်ဆပ်ရန်အတွက် စပါးများအား ရရာဈေးဖြင့် ထိုးရောင်းရခြင်းကြောင့် ဈေးကျခြင်းမှ ကာကွယ်ပေးရန် အတွက် ချေးငွေပြန်ဆပ်ချိန်ကို အနည်းဆုံး (၁) လ ခန့် တိုးပေးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly