ဖခင်ရဲ့ ကဗျာနဲ့ စာပေအကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ သမ္မတ ဦးထင်ကျော်

ဖခင်ရဲ့ ကဗျာနဲ့ စာပေအကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ သမ္မတ ဦးထင်ကျော်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်၊ MICC-2မှာ နိုဝင်ဘာ ၅ရက်ကကျင်းပတဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ စာတွေ၊ ကဗျာတွေအကြောင်း ကလေးတွေကို ပြောပြရင်း ဝမ်းနည်းပြီး မျက်ရည်ကျခဲ့ပါတယ်။

ဖခင်ဖြစ်သူ စာရေးဆရာကြီးမင်းသုဝဏ်ဟာ ကလေးကဗျာတွေ၊ ပုံပြင်တွေများစွာကို ရေးသားခဲ့သူဖြစ်တဲ့အကြောင်း စာပေပွဲတော်ကို တက်ရောက်လာတဲ့ ရာပေါင်းများစွာသော ကလေးငယ်တွေကို သမ္မတဦးထင်ကျော်က ပြောပြရင်း ဝမ်းနည်းပြီး မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။

အသက် ၉၆နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး မင်းသုဝဏ်ဟာ ကလေးစာပေ၊ ပုံပြင်နဲ့ ငှက်အကြောင်းတွေ အများကြီးရေးသားသွားခဲ့တယ်လို့ ပြောကြားရင်း “သူ(မင်းသုဝဏ်)မရှိတော့ပေမယ့် ဒီပုံက…” ဆိုပြီး ကလေးကဗျာတွေနဲ့အတူ ဗီနိုင်းမှာ ယှဉ်တွဲပြထားတဲ့ ဖခင်ဖြစ်သူရဲ့ ဓာတ်ပုံကို ညွှန်ပြရင်း သမ္မတ ဦးထင်ကျော်က စကားဆက်ပြောဖို့ကြိုးစားပေမယ့် ဆို့နင့်သံပါလာပြီး မျက်ရည်ကျလာတာပါ။

ကြာချိန်အားဖြင့် စက္ကန့် ၃၀လောက် မျက်ရည်ကျပြီးတဲ့နောက်မှာတော့ “သားတို့သမီးတို့ကို ဘယ်လောက်ချစ်တယ်၊ သားတို့သမီးတို့ကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို သိစေချင်လို့ပါပဲ။ ဒါပဲ သားတို့သမီးတို့နော်။ ကျေးဇူးတင်ပါတယ်” လို့ပြောရင်း အမှာစကားကို နိဂုံးချုပ်လိုက်ပြီး ကလေးစာပေတွေ ပြသ၊ ရောင်းချထားတဲ့ ပြခန်းတွေကို လှည့်လည် ကြည့်ရှုပါတယ်။

၂၀၀၅ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ရွေးကောက်ခံအမတ်တစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းမြို့ဇာတိ ဖြစ်ပါတယ်။ သမ္မတဦးထင်ကျော်ဟာ မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားလည်း ဖြစ်ပါတယ်။

မင်းသုဝဏ်ဟာ ကလေးစာပေတွေ၊ ကဗျာတွေ၊ ပုံပြင်တွေကို များစွာရေးသားခဲ့သူဖြစ်ပြီးတော့ သူရေးသားတဲ့ ကဗျာတချို့ကို မူလတန်း သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းဖော်ပြခံရပါတယ်။

သမ္မတဦးထင်ကျော်ကိုယ်တိုင်လည်း သမ္မတအဖြစ် တာဝန်မယူခင်အချိန်ထိ ‘ဒလဘန်း’ အမည်နဲ့ စာပေတွေရေးသားခဲ့ပြီး သူ့ဖခင် စာရေးဆရာကြီး မင်းသုဝဏ်အကြောင်း ရေးသားထားတဲ့ “အဘဘဝ အဘအကြောင်း တစေ့တစောင်း” လို့အမည်ပေးထားတဲ့စာအုပ် ရေးသားခဲ့ပါတယ်။

ကိုယ်တိုင်လည်း စာပေသမားတဦးဖြစ်တဲ့ သမ္မတဦးထင်ကျော်ဟာ ကလေးတွေအနေနဲ့ ကိုယ်ကျိုးထက် အများအကျိုးကြည့်တတ်သူဖြစ်အောင်၊ ယဉ်ကျေးပြီး ကူညီတတ်သူဖြစ်အောင် ငယ်စဉ်ကတည်းက ဆိုင်ရာစာပေတွေလေ့လာဖို့ မိဘတွေက ပံ့ပိုးပေးသင့်တယ်လို့ စာပေပြခန်းတွေ ကြည့်ရှုအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

“ဒီကလေးတွေဟာ အင်မတန် အရေးကြီးပါတယ်။ ဒီအရွယ်မှာ သူတို့စိတ်တွေက နူးညံ့သိမ်မွေ့ပြီးတော့ စိတ်ဓာတ်အားဖြင့် စိတ်ခွန်အားတွေ ရှိလာလို့ရှိရင် သူတို့ဘဝတောက်လျှောက်၊ နိုင်ငံတော်အတွက် အကျိုးပြုသွားနိုင်တဲ့ကလေးတွေဖြစ်မှာပါ” လို့ ဦးထင်ကျော်က ပြောပါတယ်။

ဒါပေမယ့် စာပေပွဲတော်မှာ ပြသရောင်းချထားတဲ့ စာအုပ်တချို့ဟာ ကလေးတွေအတွက် တန်ဖိုးရှိလှပေမယ့် စာအုပ်တန်ဖိုးဟာ ကလေးမိဘအားလုံး လက်လှမ်းမမှီနိုင်တဲ့ ဈေးနှုန်းတွေဖြစ်နေတယ်လို့ ဦးထင်ကျော်က မှတ်ချက်ပြုပြောဆိုပါတယ်။ ကလေးစာပေပွဲတော်ကို နံနက် ၈နာရီကနေ ညနေ ၅နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly