မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒမဲပေးသူ နှစ်သိန်းကျော်ရှိ

မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒမဲပေးသူ နှစ်သိန်းကျော်ရှိ
(ဓာတ်ပုံ- အီးပီအေ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ။             ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မေခ၊မလိခ မြစ်ဆုံတွင် တည်ဆောက်ရန် လျာထားသည့် ရေအားလျှပ်စစ် စီမံကိန်းများကို ဖျက်သိမ်းရန် ဆန္ဒမဲကောက်ယူရာ   နိုဝင်ဘာ ၅ ရက် နံနက်အထိ ကန့်ကွက်သူပေါင်း နှစ်သိန်းကျော် ရှိပြီဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမသို့ ပြောသည်။

"မဲကတော့ ဒီနေ့မနက်အထိ နှစ်သိန်းနှစ်ထောင် ကျော်နေပါပြီခင်ဗျ" ဟု ဦးထွန်းလွင်ကပြောသည်။

Myanmar Green Network (မြန်မာအစိမ်းရောင်ကွန်ရက်) အနေဖြင့် အဆိုပါစစ်တမ်းကို ကောက်ယူခြင်းဖြစ်ကာ  ဦးထွန်းလွင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် အောက်တိုဘာ ၃၁ ရက်နေ့က စတင်ပြီး ကောက်ယူခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိကောက်ယူထားသည့် စစ်တမ်းများကို Myanmar Green Network (မြန်မာအစိမ်းရောင်ကွန်ရက်)မှ အစီရင်ခံစာနှင့်အတူ နိုဝင်ဘာ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဧရာဝတီ မြစ်ဆုံ၊ မြစ်ဝှမ်း၊ မြစ်ညာ လေ့လာစိစစ်ရေးကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်း Myanmar Green Network (မြန်မာအစိမ်းရောင်ကွန်ရက်)မှ ပြန်ကြားရေးတာဝန်ခံ ကိုစောထွန်းထွန်းက   ပြောသည်။

"မြစ်ဆုံနဲ့ မြစ်ဆုံအတွက် စီမံကိန်းတွေမှာ နိုင်ငံတော်က ဘယ်တုန်းကမှ ပြည်သူလူထုရဲ့သဘောထားကို မကောက်ခံခဲ့ဘူး။ အဲ့တော့ ကျွန်တော်တို့က ပြည်သူလူထုရဲ့သဘောထားကို ကောက်ခံတာ" ဟု ကိုစောထွန်းထွန်းက ပြောသည်။

ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ကို နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ၎င်းကော်မရှင်၏ ပထမဆုံးအစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly