ရှေးဟောင်းဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများ အမှတ်တရ ရုပ်ရှင် အမွေအနှစ်ပွဲတော် ကျင်းပမည်

ရှေးဟောင်းဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများ အမှတ်တရ ရုပ်ရှင် အမွေအနှစ်ပွဲတော် ကျင်းပမည်
(ဓာတ်ပုံ - Memory Film Festival Yangon)

မြန်မာနိုင်ငံမှ လက်ခံကျင်းပမယ့် အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် (Memory! International Film Heritage Festival) ကို ယနေ့ နိုဝင်ဘာလ ၄ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ ဝဇီရာရုပ်ရှင် ရုံကြီးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ပွဲတော်မှာ ကမ္ဘာတစ်ဝန်းမှ ထိန်းသိမ်းပြုစုထားတဲ့ ရှေးဟောင်း ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားပေါင်း (၆ဝ) ဝန်းကျင်ခန့်ကို နေပြည်တော်၊ ဝဇီရာနဲ့ မဟာဗ္နုလပန်းခြံတို့မှာ ပြသသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Memory ရုပ်ရှင်ပွဲတော်တွင် ဂန္ထဝင်ဇာတ်ကားသုံးကားကို ပြသသွားမှာဖြစ်ပါတယ်။

အဆိုပါဇာတ်ကားများမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ခန့်က ရိုက်ကူးထားတဲ့ ဇာတ်ကားများဖြစ်တဲ့ ဒါရိုက်တာ အေဝမ်းတင်မောင်ရဲ့ ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး မြဂနိုင်နှင့်အတူ ဂန္ထဝင်ဇာတ်ကားများဖြစ်တဲ့ ခြေဖဝါးတော်နုနု၊ ရတနာပုံ ရှေးဟောင်းဇာတ်ကားကြီးတို့ကို ပြသသွားမှာဖြစ်ပါတယ်။

Memory ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်တဲ့ ဒေါ်ဆွေဇင်ထိုက်က ''မြန်မာလူမျိုးတွေက ဆင်းရဲတယ်၊ မငြိမ်းချမ်းဘူး၊ စာမတတ်ဘူး။ ဒါတွေကိုပဲ မြင်နေကြတယ်။ တကယ်တော့ ၁၉၃ဝ ခုနှစ်မှာ ကျွန်မတို့ တိုင်းပြည်ရဲ့ လူနေမှုပုံစံက ခေတ်အပြောင်းအလဲတွေနဲ့အညီ ဘယ်လိုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ရုပ်ရှင်ကနေပြီးတော့ မျက်လုံးနဲ့ တပ်အပ်မြင်နိုင်လိမ့်မယ်။ ကျွန်မက ခေတ်အဆက်ဆက် တီထွင်မှုပိုင်းမှာ တန်ဖိုးရှိတဲ့သူတွေ၊ မြန်မာပြည်ရဲ့ လူနေမှုပုံစံက ဘယ်လိုလဲဆိုတာတွေကို သိရှိအောင်ဆိုပြီးတော့ ပြသပေးတာပဲဖြစ်ပါတယ်''လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ပြုလုပ်မှာဖြစ်ပါတယ်။

ဖွင့်ပွဲနေ့မှလွဲပြီး တခြားပွဲများအားလုံးကို အခမဲ့ကြည့်ရှုရမှာပါ။ ပြသသွားမယ့် ရုပ်ရှင်များအားလုံးရဲ့ အချိန်စာရင်းနဲ့ ရုပ်ရှင်ရုံတို့ကို http://www.memoryfilmfestival.org/schedule မှာကြည့်ရှုနိုင်ပါတယ်။

Ref; MOI, International Film Heritage Festival

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly