ရွေးကောက်ပွဲ စောင့်ကြည့်လိုသူများ စတင်လျှောက်ထားနိုင်

ရွေးကောက်ပွဲ စောင့်ကြည့်လိုသူများ စတင်လျှောက်ထားနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၃ ။            ။ ၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုသူများ အနေဖြင့် နိုဝင်ဘာ ၂ ရက်နေ့ မှ ၂၀၁၇ မတ်လ ၁၅ ရက်နေ့အထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။

ပြည်တွင်းမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြေညာစာ အမှတ် (၁/ ၂၀၁၆)၊ နိုင်ငံတကာမှ ရွေးကောက်ပွဲ   စောင့်ကြည့်လေ့လာလိုသူများအတွက်   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြေညာစာ အမှတ် (၂/၂၀၁၆) ဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကော်မရှင်က ထုတ်ပြန်ထားပြီး http:// uecmyanmar.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူပေါင်း ၁၀၀၀၀ ကျော်နှင့် ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၁၀၀၀ ကျော်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခဲ့သည့် အမျိုးသားလူငယ်ကွန်ဂရက် အထွေထွေအတွင်း ရေးမှူး ကိုမိုးဃ်သွေးက ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ရန် အစီအစဉ် မသေချာသေးကြောင်း ပြောသည်။

"အခု ဒီတစ်ခေါက်မှာတော့ ကြားဖြတ်လည်းဖြစ်တယ်။ နည်းလည်းနည်းတော့ လုပ်ဖြစ်ဖို့ မလုပ်ဖြစ်ဖို့ သိပ်တော့ မသေချာဘူး" ဟု ပြောသည်။

နိုင်ငံတစ်ဝှမ်းလုံး၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိနေပြီး ၂၀၁၇ ဧပြီ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းကို နိုဝင်ဘာ ၁ ရက်နေ့ကစတင် ကောက်ယူနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly