တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကွင်းအတွင်း ဆောက်လုပ်နေသည့် ပွဲကြည့်စင်အချို့ ပြန်ဖျက်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကွင်းအတွင်း ဆောက်လုပ်နေသည့် ပွဲကြည့်စင်အချို့ ပြန်ဖျက်

ရန်ကုန်၊ နိုဝင်ဘာ ၂ ။             ။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပမည့် အဝေရာ မီးပုံးပျံကွင်းအတွင်း၌ အထူးပွဲကြည့်စင်များ ဆောက်လုပ်နေမှုကို ပြည်နယ်အစိုးရမှ ပြန်ဖျက်ခိုင်းသောကြောင့် ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်ဖျက်သိမ်းပေးခဲ့ ပြီ ဖြစ်ကြောင်း အဆိုပါ ပွဲကြည့် စင်များဆောက်လုပ်သည့် တာဝန်ခံ ကိုမောင်လတ်ထံမှ သိရသည်။

" ၉ ဆောင်ကို ကျွန်တော်တို့ လုံး၀ အပြောင်ဖျက်ပစ်လိုက်တယ်။ ပြီးရင် ကျွန်တော်တို့ ခဲတွေ တင်မယ်။ ပြန်ညှိ ပေးမယ်။ နောက်မှာကတော့  ၂ စင်ကျန်ခဲ့တယ်။ အဲဒီ ၂စင်ကလည်း မည်သူမဆို ဦးတဲ့လူ ကြည့်ချင်တဲ့လူ ကြည့်ဆိုပြီး ကျွန်တော်တို့ ထားခဲ့တယ်" ဟု ၎င်းကဆိုသည်။

ပွဲကြည့်စင်များကို တစ်ခန်းလျှင် ၂ သောင်းကျပ်နှုန်းဖြင့် ငှါးရမ်းသွားမည်ဖြစ်ပြီး၊ ပွဲကြည့်စင်အတွင်းမှ ပရိတ်သတ်များ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးများ၊ CCTV များလည်း တပ်ဆင်ချထားသွားရန် စီစဉ် ခဲ့သော်လည်း ဒေသခံများ၏ ကန်ပကွက်ဆန္ဒပြမှုကြောင့် ပြည်နယ်အစိုးရက ပြန်ဖျက်ရန်စေခိုင်းခဲ့ခြင်း ဖြစ် သည်။

“ စဖျက်နေပြီခင်ဗျ။ ဆန္ဒပြတော့လည်း မလုပ်လို့မရတော့ဘူးလေ။ အများဆန္ဒပြတာဆိုတော့ ဖျက်ခိုင်းမှ ရ တော့မှာပေါ့ " ဟု တောင်ကြီးမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်   ဒေါက် တာ ချစ်ရီက ပြောသည်။

အဆိုပါ စင်များကို ချယ်ရီကွင်း ဟိုတယ်ပိုင်ရှင် ဦးမောင်တိုးမှ ပွဲတော်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး ဒေသခံများက  နိုဝင်ဘာလ ၁ ရက် နေ့လည်ပိုင်းတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“တန်ဆောင်တိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဆိုတာရှိတယ်။ သူတို့ရဲ့စေတနာပေါ့။ အဓိက ကတော့ အမိုးပေါ့ နော်။ ပွဲကြည့်တဲ့သူတွေ သက်တောင့်သက်သာ ကြည့်ရအောင်လို့ရည်ရွယ်ချက်နဲ့ပေါ့။ သို့သော်လည်း တောင် ကြီးမြို့ခံ တော်တော်များများက အရင်အတိုင်းလွတ်လွတ်လပ်လပ် ပံစံကိုပဲ လက်ခံတော့ သဘောထား ကွဲလွဲမှု ဖြစ်တာပေါ့ “ဟု တောင်ကြီးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နိုင် က ပြောသည်။

ယင်းအစီအစဉ်အား ကန့်ကွက်သူများသည် “ အထူးပွဲကြည့်စင်များ အလိုမရှိ ”  “ တန်ဆောင်တိုင်ပွဲသည် စီးပွားရေးသမားများ လုပ်စားစရာပွဲတော် မဟုတ် ” “ ရိုးရာပွဲတော်ကို မဖျက်ဆီးနှင့်”  “ ဘန်ဂလို ဆိုင်ခန်းများ ချက်ခြင်းဖျက်” စသည့် စာသားများ ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ နိုဝင်ဘာ ၁ရက်နေ့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ မီးပုံးပျံအထူးပွဲကြည့်စင်များကို တန်ဆောင်တိုင်ပွဲတော် ရေချိုးခန်း၊ အိမ်သာကန်ထရိုက် ရယူထားသူ ချယ်ရီကွင်း ဟိုတယ်ပိုင်ရှင် ဦးမောင်တိုးမှ ပွဲတော်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကာ ယင်း ကိစ္စနှင့် ပက်သက်၍ တည်ဆောက်သူ ဦးမောင်တိုးထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း မရရှိခဲ့  ပေ။

စုစုပေါင်း အခန်း ၁၆၀ ရှိပြီး ၁၂၀ ကိုဖျက်လိုက်ခြင်းဖြစ်ပြီး ၃၆ ခန်းကို မည်သူမဆို ဝင်ရောက်ကြည့် ရှု့နိုင်ရန် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly