ရန်ကုန်တိုင်းလူငယ်ရေးရာမူဝါဒ အနှစ်ချုပ်အစီရင်ခံစာသည် တိုင်းအတွင်းရှိ လူငယ်များကို ရာခိုင်နှုန်းပြည့် ကိုယ်စားမပြု

ရန်ကုန်တိုင်းလူငယ်ရေးရာမူဝါဒ အနှစ်ချုပ်အစီရင်ခံစာသည် တိုင်းအတွင်းရှိ လူငယ်များကို ရာခိုင်နှုန်းပြည့် ကိုယ်စားမပြု

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။             ။ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာမူဝါဒ အနှစ်ချုပ်အစီရင်ခံစာသည် တိုင်းအတွင်းရှိ လူငယ်များအားလုံးကို ရာခိုင်နှုန်းပြည့် ကိုယ်စားမပြုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေးတာဝန်ခံ ရှင်းသန့်က ပြောဆိုခဲ့သည်။

အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လူငယ်မူဝါဒ အလုပ်ရုံဆွေးနွေးပွဲများ အနှစ်ချုပ်အစီရင်ခံကိုထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် ရန်ကုန်တိုင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီ report သည် ရန်ကုန်တိုင်း တစ်ခုလုံးက လူငယ်တွေကို ကိုယ်စားပြုတယ်လို့လည်း ပြောလို့မရပါဘူး" ဟု တာဝန်ခံ ရှင်းသန့်က ပြောသည်။

သို့ပေမယ့် ကတိပြုတာဝန်ခံထားသည့် လုပ်ငန်းစဉ်များကို ရာနှုန်းပြည့် ကျော်လွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လူငယ်မူဝါဒဖြစ်မြောက်ရေးအဖွဲ့သည် တိုင်းဒေသကြီး အတွင်းရှိ လူငယ်များ၏ အခက်အခဲများ လိုအပ်ချက်များ ထွက်ပေါ်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသော အနှစ်ချုပ်အစီရင်ခံကို အစိုးရမှ လူငယ်မူဝါဒများရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်အတွက် အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly