ရန်ကုန်၊ အောက်တိုဘာ ၂၈ ။ ။ ဝေးလံခေါင်ဖျား ဒေသများ၏ ပွင့်လင်းရာသီအကြို ခရီးသွား ဝင်ရောက်မှုအခြေအနေ မျှော်မှန်းချက်များနှင့် ပက်သက်၍ ရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာ ၂၇ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို JOVAGO မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးသက်လွင်တိုး နှင့် JOVAGO မှ Managing Director ဖြစ်သူ Mr.Matthieu Bauduin တို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။
“ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ တနင်္သာရီကို အဓိကထားပြီး promote လုပ်မှာပါ၊ ဒီဒေသတွေက အရမ်းလည်း လှပြီး ခုချိန်မှာသွားလာလို့ အဆင်ပြေလာပြီဖြစ်တယ်၊ နောက်ပြီး အလားအလာရှိတဲ့ ဒေသတွေလို့ ယူဆတဲ့အတွက် ဟိုတယ်လုပ်ငန်းတွေ တိုးတက်ဖို့နဲ့ ခရီးသွားဧည့်သည်တွေ လည်ပတ်မှုနှုန်းများလာဖို့ အဓိကရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်" ဟု JOVAGO ၏ Managing Director ဖြစ်သူ Mr.Matthieu Bauduin က ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်လွင်တိုးက “ ချင်းတောင်လို ဒေသမျိုး ဆို ရင် တစ်လမှာဝင်ငွေ တစ်သောင်း၊ သုံးသောင်းလောက်ပဲဝင်ငွေရှိတယ်၊ တော်တော် နည်းပါတယ်၊ ဒီလို ဒေသတွေမှာ Tourism ဖွံ့ဖြိုးလာမယ်ဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင် အဆင်ပြေလာမယ်၊ ဟိုတယ်တွေ အတွက်လည်း အဆင်ပြေမယ်၊ ဒါကြောင့် ဒီဒေသတွေကို Target ထားပြီးလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဝေးလ့ခေါင်ဖျားဒေသများရှိ ကားလမ်းများသည် ခက်ခဲသည့်အတွက် လမ်းခရီးတွင် အချိန်ကြံ့ကြာခြင်း များကို လျော့ချနိုင်ရန်နှင့် ခရီးသွားလာမှု ပိုမိုကောင်းမွန်လာစေရန် အစိုးရအနေဖြင့် ကားလမ်းများတွင် ရင်းနှီး မြှပ်နှံမှု အဓိကထားပြီး လုပ်စေလိုကြောင်းကိုလည်း ၎င်းတို့က ဆိုသည်။
ယင်းကဲ့သို့ ဝေးလံခေါင်ဖျားဒေသအတွက် ခရီးသွားဝင်ရောက်မှုမြင့်တက်လာစေရန် ဆောင်ရွက်ချက်နှင့် ပက် သက်၍ JOVAGO မှ Mr. Matthieu Bauduin က “ ဒီဒေသငါးခုကို Websiteရဲ့ အကောင်းဆုံး နေရာမှာ ထားပေး ထားတယ်၊ နောက်ပြီး Website မှာ Display ကောင်းကောင်းနဲ့ လုပ်ပေးထားပါတယ်၊ ဒီခရီးတွေနဲ့ ပက်သက်တာတွေကိုလည်း ဖေ့ဘုတ်ခ်စာမျက်နှာမှာ တင်ပေးပါတယ်” ဟု ဆိုသည်။
JOVAGO သည် ဟိုတယ်များကို အွန်လိုင်းမှ တစ်ဆင့် အခမဲ့ ဘွတ်ကင်လုပ်နိုင်ပြီး ၂၄ နာရီ Customer Service ရှိသော အွန်လိုင်းဘွတ်ကင် Website ဖြစ်သည်။