Miss Jewel Princess ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ခင်မေခ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်

Miss Jewel Princess ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ခင်မေခ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇူလိုင် ၁၆ ။   ။ စင်ကာပူ နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Jewel Princess ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ခင်မေခ ကို ရွေးချယ် စေလွှတ်သွားမည် ဖြစ်ကြောင်း Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မဇ္ဈိမ ကို ပြောသည်။

Miss Jewel Princess ပြိုင်ပွဲသည် လက်ရှိ ကျင်းပနေသည့် အလှမယ် ပြိုင်ပွဲ ပုံစံမျိုး မဟုတ်ပဲ  လက်ဝတ် ရတနာများကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ တစ်ခု ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက  "ဒီပွဲက ရေကူး ဝတ်စုံ ဝတ်ဆင်ဖို့ အဆင်မပြေတဲ့ ကလေးတွေ အတွက် သင့်တော်တဲ့ ပွဲ တစ်ခုပါ။ ခင်မေခ က အနုပညာလည်း လုပ်ဖူးတော့ သူ့ကို ရွေးလိုက်တာပါ။ သူ့ မျက်နှာနဲ့ ဒီပွဲလေးကလည်း လိုက်တယ်။ ပြိုင်ပွဲ အတွက် လိုအပ်တဲ့ သင်ကြားမှုတွေကို လှနုက သင်ကြား ပေးသွားမှာပါ" ဟု ပြောသည်။

ခင်မေခသည် အသက် ၁၉နှစ် ရှိပြီး MIS (Myanmar International School) ကျောင်းဆင်း တစ်ဦး ဖြစ်ကာ  Laurel Art Academy ၏ သင်တန်း ကျောင်းဆင်း တစ်ဦးလည်း ဖြစ်သည်။ Miss Jewel Princess ပြိုင်ပွဲတွင် စက်တင်ဘာ ၆ ရက် ၌ နိုင်ငံကိုယ်စားပြု ဝတ်စုံဖြင့် လက်ဝတ်ရတနာများ ဝတ်ဆင် ပြသရမည် ဖြစ်ပြီး စက်တင်ဘာ ၇ရက်တွင် ညနေခင်း ဝတ်စုံဖြင့် လက်ဝတ်ရတနာများ ဝတ်ဆင် ပြသရမည် ဖြစ်သည်။

Miss Jewel Princess ပြိုင်ပွဲ အတွက် လိုအပ်သည့် ဝတ်စုံ ၊ သင်ကြားမှု ပိုင်းများကို သြဂုတ်လတွင် စတင်ပြီး Style Plus H သင်တန်း ကျောင်းမှ မလှနုထွန်းက တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်သည်။ ထိုပြိုင်ပွဲအတွက် ယှဉ်ပြိုင်မည့် သူသည် ၃မိနစ်စာ ဗီဒီယို ရိုက်ကူးပြီး  ပေးပို့ရမည် ဖြစ်သည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ခင်မေခ၏ တစ်နေ့တာ လုပ်ငန်း လုပ်ဆောင် မှုများ ကိုလည်း ၃မိနစ်စာ ရိုက်ကူးပြီး ပြိုင်ပွဲ မကျင်းပမီ ပေးပို့မည် ဖြစ်သည်။

Miss Jewel Princess ပြိုင်ပွဲ ကို စက်တင်ဘာ၆ ရက်နှင့် ၇ရက်တို့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ် မည်ဖြစ် ပြီးမြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly