ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (အပိုင်း ၂)

ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (အပိုင်း ၂)

ကျွန်မ ခုနက မြင်လိုက်တာက စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ Facebook မှာလည်း ဆရာတင်တာ မြင်လိုက်ပါတယ်။ ပထမဆုံး မြင်ပြီး ဖျက်ချိန်မှာ တစ်ယောက် ကွန်ပလိန်းတစ်ခု တက်လာပါတယ်။ အဲဒါကို ဆရာ ပြန်ပြီးတော့ ဖြေရှင်းတာလည်း ရှိပါတယ်။ အဲတော့ ကျွန်မပြောချင်တာက ဒီ ရက် ၁၀၀ စီမံကိန်းအကျော် ၆ လအတွင်းမှာ ဆရာ ဒီဝန်ကြီးတာဝန်ကို ယူတဲ့အချိန်မှာပဲ သာဓကလေးတစ်ခုပေါ့နော် စည်ပင်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာဖြေရှင်းခဲ့တာတွေ ရှိတယ်။ အဲသလိုမျိုး စိန်ခေါ်မှုမျိုး ခုနက ရှေ့မှာပြောခဲ့သလိုမျိုး စိန်ခေါ်မှုမျိုး ကြီးကြီးမားမား မဟုတ်ရင်တောင် ဘယ်လိုစိန်ခေါ်မှုမျိုးတွေရှိသလဲ လွတ်လပ်တဲ့ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲကိစ္စမျိုး ဒါမှမဟုတ်ရင်လည်း လမ်းပန်းဆက်သွယ်ရေးမှာ ဘတ်ဂျက်ကိစ္စမျိုး ခုနကလည်း ပြောပြီးပါပြီ။  ဆရာဘက်က ပြောချင်တာများရှိပါသလား။ စိန်ခေါ်မှု တစ်ခုခုပေါ့။

ဆလိုင်းအိုက်ဇက်ခင်

စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး၊ ချင်းပြည်နယ်။

စိန်ခေါ်မှုလို့ မပြောခင်မှာ ကျွန်တော်တို့ ပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ အတွင်းမှာ လုပ်တဲ့အထဲကနေပြီးတော့ ပြန်ပြီးတော့ ပြောပြချင်တဲ့ကိစ္စပေါ့နော် ခုနက ဆရာပြောသွားတဲ့အထဲမှာလည်း တော်တော်လေး ပြည့်စုံပါတယ်။ အဲဒါကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့ စိန်ခေါ်မှုအပိုင်းကို ကျွန်တော် ထပ်ဖြည့် ပြောချင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ ရေးမထားတာပေါ့နော်။ ဒါကလည်း ကျွန်တော်တို့ အခွင့်အခါသင့်ရင် အားလုံး အဆင်ပြေတယ်ဆိုလို့ရှိရင် ကျွန်တော် ဆိုလိုချင်တာက ပထမ ၆ လမှာ ဘာလုပ်တယ်ဆိုတာကအစပေါ့နော် ဒုတိယ ၆ လမှာ ဘာလုပ်တယ်ဆိုတဲ့ကိစ္စ ဒါလည်း ကျွန်တော်တို့ အသိပေးလို့ရသလောက် အသိပေးမှာပါ။

အဲဒီတော့ ဒီ ပထမသုံးလမှာ ပထမဆုံးလုပ်တာက Smooth Transition ပါ။ ဆိုလိုချင်တာက ဦးသိန်းစိန် အစိုးရလက်ထက် ၅ နှစ် တာဝန်ယူပြီးတဲ့နောက် ကျွန်တော်တို့ပြည်နယ်ဆိုရင် ဗိုလ်ချုပ်ကြီးဟောင်းတိုင်း တာဝန်ယူပြီးတဲ့နောက် ကျွန်တော်တို့ Transition က အစိုးရနှစ်ဖွဲ့ မျက်နှာချင်းဆိုင်ပြီးတော့ လွှဲခဲ့တာမဟုတ်ဘူး။ ဝန်ကြီးချုပ်နှစ်ယောက်ပဲ လွှဲခဲ့ရတာ။ အဲတော့ သက်ဆိုင်ရာ ဝန်ကြီးတွေက ဝန်ကြီးဌာန တစ်ခုချင်းစီကို လွှဲခဲ့ရတာမဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့ အစိုး၇သစ် တက်လာတဲ့အခါမှာ ပထမဦးဆုံး ကျွန်တော်တို့ ဝန်ကြီးချုပ်အပါအဝင် လုပ်ရတဲ့ကိစ္စက Smooth Transition ပဲ။ အဲဒီနေရာမှာ ကျွန်တော်အနေနဲ့ အင်မတန်မှ ချီးကျူးတဲ့ပုဂ္ဂိုလ်က ဝန်ကြီးချုပ်ပဲ။ လက်ရှိဝန်ကြီးချုပ်ပါပဲ။ သူလုပ်ခဲ့တဲ့ကိစ္စ တော်တော်များများက အရင်အစိုးရလက်ထက်မှာ ဒါသည် အဲဒီအစိုးရ အုပ်ချုပ်တဲ့ လုပ်ထုံးလုပ်နည်း ကျွန်တော်တို့ အားလုံးသိပါတယ်။ ကျွန်တော်အနေနဲ့ ဘာမှ မှတ်ချက်မပေးလိုပါဘူး။ အခုတက်လာသည့် အစိုးရသည် အရပ်သားစစ်စစ် အစိုးရဖြစ်ပါတယ်။ အဲလိုတက်လာတဲ့အခါမှာ နံပါတ်တစ် Smooth Transition ဖြစ်အောင် လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲတော့ ပထမ ရက် ၁၀၀ အတွင်းမှာ ဘယ်သူဘာလဲဆိုတဲ့ကိစ္စက အများကြီးတွေ့ပါတယ်။ အစိုးရ အုပ်ချုပ်မှုယန္တရား တုန့်ဆိုင်းသွားတာမျိုးမဖြစ်အောင် လုပ်ရတာဖြစ်တယ်။ ကျွန်တော်တို့ ပထမဦးဆုံးအစည်းအဝေး ရုံးတက်တဲ့နေ့မှာပဲ လက်မှတ်ထိုးရမယ့်ကိစ္စတွေ တန်းစီပြီးတော့ ဝင်လာတာဖြစ်တယ်။ အစိုးရ အဟောင်း အသစ်လို့ ပြောပေမယ့် ဌာနဆိုင်ရာတွေအနေနဲ့ တစ်စုံတစ်ရာ ကြန့်ကြာသွားတာမျိုး မရှိပဲနဲ့ ပုံမှန်ဖြစ်နေတာကို ကျွန်တော်တို့ ကြိုးစားရတာဖြစ်ပါတယ်။ ဆိုတော့ အဲဒါတွေကိုလည်း ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ စောစောပိုင်းမှာ ကျွန်တော်တို့ မအိပ်ရပါဘူး။ စာတွေဖတ်ရတယ်။ အကုန်လုံး ဥပဒေတွေဖတ်ရတယ်၊  နားလည်အောင်ပြောရတယ်။ ကျွန်တော်တို့ ရလိုက်တာက စာပွဲပေါ်က စာတွေပဲရတယ်။ အဲတော့ အဲဒီစာရဲ့နောက်ကွယ်မှာ ဘာတွေရှိတယ်ဆိုတာက အသေးစိတ် ကျွန်တော်တို့ လုပ်ပြီးတော့မှ Smooth Transition ဖြစ်အောင် လုပ်ရတာဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ Public Relationship ခုနက ဆရာပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာ ဝန်ကြီးချုပ်ရော၊ လွှတ်တော်ဥက္ကဋ္ဌရော၊ အစိုးရအဖွဲ့ဝန်ကြီးတွေ အများကြီး ပါပြီးတော့မှ ကျွန်တော်တို့ အင်မတန်မှ သွားရေးလာရေး ခက်ခဲတဲ့ ချင်းပြည်နယ်၊ မြို့တွေအားလုံး ၁၅ မြို့နယ်မှာ ကျွန်တော်တို့ ၁၄ မြို့ ရောက်ခဲ့ပါတယ်။ ကြည်ခါးက လွဲရင်ပေါ့။ ကြည်ခါးကတော့ သက်ဆိုင်ရာ လူမှုရေးဝန်ကြီးက ရောက်ပါတယ်။ ဝန်ကြီးချုပ်နဲ့ အဖွဲ့ကတော့ မရောက်ပါဘူး။ ကျွန်တော်တို့ ဒီ တံတားပျက်တဲ့အခါကျတော့ ကျွန်တော်တို့ ဘယ်လိုမှ မသွားနိုင်တော့ဘူး။ သို့သော်လည်း အခု အရင်ဆုံး လမ်းပွင့်တဲ့အခါမှာ ကျွန်တော်တို့ သွားပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ ထန်တလန်၊ ဝေစွာ၊ လိုက်လင်းပြည်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အဲဒီ Trip ကို ကျွန်တော်တို့ ထွက်ပါတယ်။ ဒုတိယ ကျွန်တော်တို့ ပလက်ဝ Trip ကို ကျွန်တော်တို့ ထွက်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ သွားတဲ့အခါမှာ အင်မတန်မှ ဒီကနေ့အထိ ကျွန်တော် ကျေနပ်တဲ့ကိစ္စက လိုက်လင်းပြည်ထိရောက်တယ်။ လိုက်လင်းပြည်ရောက်ပြီးတော့ ပြန်လည်းပြန်လာရော လမ်းက တောက်လျှောက် ပိတ်တော့တာပဲ။ အဲတော့ ဒုတိယ ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့ ကျွန်တော်တို့ ကျေနပ်တဲ့ ကိစ္စကတော့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေအားလုံးက မြို့အားလုံး ၉၈ ရာခိုင်နှုန်း ကြည်ခါးကလွဲရင် ဝန်ကြီးချုပ်မရောက်ပါတယ်။ သက်ဆိုင်ရာ နယ်မြေ ဝန်ကြီးတွေကတော့ ရောက်ပါတယ်။ အဲတော့ မြို့တိုင်းအားလုံးကို ကျွန်တော်တို့ ရောက်နိုင်မှာဖြစ်တယ်။ အဲလိုမျိုး ရောက်တဲ့အခါမှာ အထူးသဖြင့် လူထုက လက်ရှိဝန်ကြီးချုပ်က ဘယ်သူလဲ ဖြူသလား မဲသလား လွှတ်တော်ဥက္ကဌဆိုတာ ဘယ်သူလဲ ဖြူသလား မဲသလား ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ တွေ့နိုင်ခဲ့ပါတယ်။ ဒါက ဒုတိယအချက်ပါ။

ကျွန်တော်တို့ ပြန်လာတဲ့အခါမှာ ဒီ ရက် ၁၀၀ ပြီးသွားတဲ့အခါမှာ ဝန်ကြီးတွေရဲ့ အတွေးထဲမှာ ခေါင်းထဲမှာ ချင်းပြည်နယ်ဆိုတာကြီးက လုံးဝကို လွှမ်းမိုးသွားတယ်။ ကျွန်တော်ဆိုလို့ရှိရင် ချင်းပြည်နယ်ကို အင်မတန်မှ အရောက်ပေါက် နည်းတဲ့သူဖြစ်ပါတယ်။ တစ်နှစ်မှာ အနိမ့်ဆုံး နှစ်ခေါက် သုံးခေါက်လောက်ပဲ ရောက်ပါတယ်။ ချင်းပြည်နယ်ထဲမှာ ကျွန်တော် တစ်ပတ်ဆက်တိုက် မနေဖူးပါဘူး။ သို့သော် ရက် ၁၀၀ ပြီးသွားတဲ့အခါမှာ ကျွန်တော်ခေါင်းထဲမှာ ချင်းပြည်နယ်ပဲ ဖြစ်သွားပြီ။ အဲတော့ တော်တော်များများ ရက် ၁၀၀ အတွင်းမှာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းထဲမှာ အတွေးထဲမှာ စားလည်းဒါပဲ အိပ်လည်းဒါပဲဆိုတဲ့အနေအထားထိ ပြောလို့ရပါတယ်။

 ကျွန်တော်တို့ နံပါတ်သုံးအချက်ကတော့ ဒီ ၇က် ၁၀၀ အတွင်းမှာ ချင်းပြည်နယ်အစိုးရသစ်အနေနဲ့ ချင်းပြည်နယ်ရဲ့ ရေရှည် ပြုပြင်ပြောင်းလဲဖို့ ရေရှည် ဖွံ့ဖြိုးမှုကိစ္စကို စပြီးတော့ စဉ်းစားရတာ ဖြစ်ပါတယ်။ ခုနက ဆရာပြောသွားတာလည်း မှန်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စုမှာ NLD ပါတီသည် ပြည်နယ်အဆင့်ထိပါ လွှမ်းခြုံတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဆောင်ရွက်တဲ့ ကိစ္စမှာလည်းပဲ အထူးသဖြင့် NLD ပါတီရဲ့ ကြေညာစာတမ်းထဲမှာ ကျွန်တော်တို့ ပြန်ပြီးတော့ ခြုံ့ကြည့်လိုက်မယ်ဆိုရင် ထိုထက်မက နိုင်ငံတော်သမ္မတရဲ့ ပြောတဲ့ထဲမှာ ပြန်ကြည့်မယ်ဆို၇င်လည်းပဲ ဒီမိုကရေစီ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး တကယ့် Key message ပဲ ဖြစ်ပါတယ်။ အဲတော့ အဲဒီအတွက်ကြောင့်မို့ ချင်းပြည်နယ်အစိုးရအနေနဲ့ ဒီအချက်တွေကို ကျွန်တော်တို့က ချင်းပြည်နယ်အနေနဲ့ စည်လျော်အပ်စပ်မှုရှိအောင် ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ နံပါတ်တစ် ဒီမိုကရေစီအရေးလို့ ပြောတဲ့အခါမှာ စည်ပင်ရွေးကောက်ပွဲ တစ်ခုပါ။ တကယ်တော့ စည်ပင်ရွေးကောက်ပွဲကလည်း စည်ပင်ရွေးကောက်ပွဲတစ်ခုတည်း ကြည့်လို့မရဘူး။ ကျွန်တော်တို့စည်ပင်ရဲ့ Reform Process တစ်ခုလုံးရဲ့ ဒုတိယအဆင့်ဖြစ်ပါတယ်။ ပထမအဆင့်မှာ ကျွန်တော်တို့ စည်ပင်မှာ ဝန်ထမ်းတွေကို လေ့ကျင့်ပေးတဲ့ကိစ္စ ကျွန်တော်တို့တွေ ရှိပါတယ်။ ဆိုတော့ ဝန်ထမ်းတွေအားလုံး အမှုဆောင်အရာရှိတွေအားလုံး အင်ဂျင်နီယာအားလုံးကို ဒီမိုကရေစီကို ပွင့်လင့်းမြင်သာမှုကိစ္စကို ကျွန်တော်တို့ စပြီးတော့ Training ပေးပြီးပြီ ဖြစ်ပါတယ်။ ဒါ ဒုတယအဆင့်မှာ စည်ပင်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ တတိယအဆင့်မှာကျရင် ဘာရှိမလဲဆိုတော့ စည်ပင်ဥပဒေကို Review လုပ်တဲ့ကိစ္စ စပြီးတော့ ရှိပါတယ်။ အဲတော့ အထူးသဖြင့် ပွင့်လင်းမြင်သာမှု ကိစ္စ ဒီ မြို့နယ် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်တဲ့အခါမှာ မြို့သူမြို့သားတွေ ပါဝင်နိုင်မှုကိစ္စ ဘတ်ဂျက်ကိစ္စ ဒါတွေက ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာ စပြီးတော့ ဆောင်ရွက် စဉ်းစားပြီးတော့ တည်လာခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ အဲဒီနေရာမှာ အရေးကြီးတဲ့အချက်က ဘာလဲဆိုရင် ဌာနဆိုင်ရာများရဲ့ အဆင်သင့်ဖြစ်မှုကို ကျွန်တော်တို့ ဂရုစိုက်ရပါတယ်။ အစောပိုင်းက ကျွန်တော်တို့ တင်ပြခဲ့သလိုပဲ ရက် ၁၀၀ အတွင်းမှာ ဘယ်သူဘာလဲဆိုတာကို ကျွန်တော်တု့ိ အကြီးအကျယ် ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဟို နှစ်ပေါင်း ၂၀၊ ၃၀ တာဝန်ယူလာတဲ့သူတစ်ယောက်သည် သူ့ကို ညွှန်ကြားမယ့် အမိန့်ပေးမယ့်သူက ဘယ်လိုလူစားမျိုးလဲဆိုတဲ့ ကိစ္စကို အနည်းနဲ့အများ မေးခွန်းထုတ်ကြတယ် ကြည့်ကြတာ များပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ပြောမယ်ဆိုရင် ဒီရက် ၁၀၀ ပြီးသွားတဲ့အခါမှာ ဘယ်သူဘာလဲဆိုတဲ့ကိစ္စက ရှင်းသွားပါတယ်။ အဲဒီအတွက်ကြောင့် စိန်ခေါ်မှုအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ အထူးသဖြင့်ကတော့ အရေးကြီးတဲ့ စိန်ခေါ်မှုလို့ပြောရင် ဒီလိုတော့ရှိတယ်။ ကျွန်တော်တို့ တက်လာတဲ့အချိန်မှာ အလုပ်အေကြွေးတွေကျန်တယ်။ အရင်အစိုးရလက်ထက်က မပြတ်သေးတဲ့ကိစ္စ အဲဒီအလုပ်ကြွေးတွေကို အရင်ဆုံး အစောပိုင်း ကျွန်တော် ဆွေးနွေးခဲ့သလို Smooth Transition ထဲမှာ ပါသွားအောင်လို့ လုပ်ရတာရှိတယ်။ ဒုတိယအချက်က ဘာလဲဆိုလို့ရှိရင် အဲဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ကြိုးစားရတာပေါ့နော်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအနေနဲ့ Change တစ်ခုကို တူချင်တယ်။ ဒါပေမယ့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေနဲ့ သူတို့ရဲ့ နောက်တက်လာတဲ့ အစိုးရသည် ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ဟာကို ထဲထဲဝင်ဝင် နားလည်အောင် ကြိုးစားရတဲ့ အပိုင်းပေါ့နော်။ တစ်ချို့ကျတော့လည်း Change ထဲမှာ ပါလာတာရှိတယ်။ တချို့က Change ထဲမှာ မပါလာပဲနဲ့ ထော်လော်ကန့်လန့် ဖြစ်နေတဲ့ဟာတွေလည်း ရှိတယ်။ တချို့ကတော့ ဒီနေ့အထိကို ယုံကြည်မှု တည်ဆောက်နေရတဲ့ အနေအထားလည်း ရှိတယ်။ ဆိုတော့ ဒါက လက်ရှိ အစိုး၇သစ်အနေနဲ့ ရက် ၁၀၀ အတွင်း အခု ၆ လနီးပါး ရောက်တဲ့အထိ ဒုတိယ ရက် ၁၀၀ ရောက်တဲ့အထိကို ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်ပါတယ်။

အဲတော့ အရေးကြီးတဲ့အချက်က ဘာလဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ ပြည်နယ်အဆင့်မှာ မဟာဗျူဟာဆွဲနိုင်တဲ့ ကိစ္စပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့ အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်ဗျ။ ကျွန်တော်တို့ ချင်းပြည်နယ်က လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ လျှပ်စစ်မီး အင်မတန်နည်းတယ်။ နောက် ဆက်သွယ်ရေးလည်း မကောင်းဘူး။ တကယ်တော့ ကျွန်တော်တို့မှာ ချင်းပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ အဟန့်အတားတွေကို တတ်နိုင်သလောက် လျော့မယ်။ တကယ်တော့ အဲဒါလေးတွေကို ကျွန်တော်တို့က လူထုကို အသိပေးဖို့ ကျွန်တော်တို့ Publish လုပ်ဖို့ ရှိပါတယ်။ ချင်းပြည်နယ်အစိုးရသည် ပထမ ရက် ၁၀၀ အတွင်းမှာမှ စပြီးတော့  လူထုနဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ထွက်လာတဲ့ ဟာကို တတ်နိုင်သလောက် လျော့မယ်။ တစ်ဖက်ကလည်း လျော့ရုံနဲ့ မရဘူး။ နောက်ထပ် တက်လာအောင် လျော့မယ်ဆိုတဲ့ဟာမှာ SME Strategy တွေကို အခု ကျွန်တော်တို့ မကြာခင်မှာ ချင်းပြည်နယ်ရဲ့ electrification နဲ့ plan ကို ဆွဲတယ်။ ပြီးတော့မှ အခု ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ လာရောက်ရင်းနီးမြှုပ်နှံမှုတွေကို  ဆွဲဆောင်ဖို့ စဆွဲနေပါတယ်။ ဆိုတော့ ချုပ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်မှာ သုံည investments ဖြစ်ခဲ့တဲ့အချိန်မှာ ချင်းပြည်နယ်ကို ကျွန်တော်တို့က ဒီငါးနှစ်မှာ တစ်စုံတစ်ရာ ထူထူထောင်ထောင် ဖြစ်နိုင်ဖို့ ကိစ္စကြတော့ ရက် ၁၀၀ အပြီးမှာ ရလာတဲ့ကိစ္စ ဖြစ်ပါတယ်။ တော်တော်များများက ဝန်ချုပ်အပါအဝင် ဝန်ကြီးတွေအားလုံးလည်း တက်ညီလက်ညီနဲ့ ကြိုးစားဆောင်ရွက်နေတဲ့ အနေအထား ဖြစ်ပါတယ်။

အဲတော့ တစ်ဖက်ကတော့ ဌာနဆိုင်ရာများအနေနဲ့ကတော့ ပြည့်မှီအောင် သူတို့ ဖြည့်ရတာရှိပါတယ်။ အစိုးရအဖွဲ့အနေနဲ့ကတော့ ချင်းပြည်နယ်ကို ရှေ့တိုးအောင် တွန်းထုတ်တဲ့ ရှေ့ကိုတွန်းတဲ့ အနေအထားမျိုးတော့ ကျွန်တော်တို့အနေနဲ့ ဒီအတောအတွင်းမှာတော့ အကျိုးအကြောင်း စီလျော်တဲ့ ရလဒ်တစ်ခုတော့ ရမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ အခု ဆရာပြောသွားသလို စိန်ခေါ်မှုတွေ Smooth Transition နဲ့ ပတ်သက်ပြီးတော့ အခု ကျွန်မတို့ကို ဆရာမ ဆွေးနွေးပေးစေချင်တာက ဒါက ဆရာ့ဘက်က စိန်ခေါ်မှုပေါ့နော်။ ဒီလိုမျိုး စိန်ခေါ်မှုတွေ ကျော်ဖြတ်ဖို့အတွက် ကျွန်မတို့ ဒီဘက်က ပြည်သူလူထုဘက်ကရော ဘယ်လိုမျိုး ဆရာတို့နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဘယ်လိုမျိုး ထပ်ပြီးတော့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်သင့်တယ်လို့ ထင်ပါသလဲ။ ပြည်သူလူထုအနေနဲ့ အမြင်နဲ့ ဆရာမက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပေါ့။

ဒေါ်ကျိန်ငိုက်မန်

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၇၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်။

ကျွန်မ အရင်ဆုံးပြောချင်တာကတော့ ခုနက ဆရာပြောသွားတဲ့ စကားလေးတစ်ခွန်းကိုလည်း နည်းနည်းလေး ထည့်ပြိးတော့ ပြောချင်တာပါ။ အခုလက်ရှိ ကျွန်မတို့ ချင်းပြည်နယ်အစိုးရကနေ စာအိတ်တွေထဲကနေ ထွက်လာတယ်ဆိုတာ ထွက်လာတဲ့ စာအိတ်ထဲက ကျွန်မအနေနဲ့ အမြင်ကတော့ Lucky Draw တွေ ထွက်လာတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝန်ကြီးတွေက ကျွန်မတို့ လွှတ်တော်က ဒါ ကျွန်မအနေနဲ့ တစ်ဖက်စောင်းနင်း ပြောတာမဟုတ်ပါဘူး။ သူတို့တွေ နေပြည်တော်လာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လာတွေ့တယ်။ ချင်းပြည်နယ် ကိုယ်စားလှယ်တွေနဲ့ လာဆုံတယ်။ လာတွေ့တယ်။ ကျွန်မတို့နယ်ကို ဆွေးနွေးမှုလာလုပ်တယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်မတို့ကို တင်ပြတယ်။ ကျွန်မတို့ရဲ့မေမြန်းတဲ့ မေးခွန်းတွေကို ဖြေပေးတယ်။ ကျွန်မတို့ မေးသမျှကိုလည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ဆိုတော့ တစ်ချို့ဆိုရင် ကျွန်မတို့က ကုန်လွန်ခဲ့တဲ့အချိန်တွေကို နှိုင်းယှဉ်ပြီးတော့ ကျွန်မ မပြောချင်ဘူး။ ဒါပေမယ့် ဒီလိုမျိုးပြောဖို့ကျတော့ သူတို့လည်း တကယ့်ကို ဝမ်းသာကြတယ်။ တကယ့် ဘုရားသခင်က ကောင်းချီးပေးတယ်လို့ ခံယူထားတယ်။ ကျွန်မတို့ပြောတဲ့စကား၊ ကိုယ်စားလှယ်တွေပြောတဲ့စကား၊ နောက်ဆိုရင် လက်တွဲပြီးဆောင်ရွက်မယ်။ ကိုယ်စားလှယ်ဆိုတဲ့ဟာက ညီမပြောသလိုပဲ ပြည်သူအခြေခံတဲ့ ပြည်သူ့ရဲ့ကိုယ်စား ရပ်တည်နေတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါ ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ကို မေးမြန်းရတာတွေပေါ့နော်။ မေးမြန်းရတာတွေကြောင့် အဲဒါတွေလည်း သူတို့တွေ အသေအချာ ရှင်းပြတယ်။ တချို့ဆိုရင် ကျွန်မတို့ကို Dinner လည်း ကျွေးတယ်။ ဆရာတို့အကုန်လုံးရောပေါ့။ သူတို့ ဒီဘက်မှာ အလုပ်ခံရဖို့အတွက်ကို ကျွန်မတို့ကို Dinner ကျွေးပြီးဖိတ်တယ်။ ဒါက ပြည်သူတွေကိုတော့ သူတို့တွေ မချပြသေးတာတော့ သူတို့ လုပ်ဆောင်တဲ့ကာလ ရက် ၁၀၀ အပြီးမသတ်သေးတဲ့အတွက်ကြောင့် တချိုကတွေ Data တွေ မယူသေးတဲ့အတွက်ကြောင့် ပြည်သူ မခင်းပြသေးတာလည်း ပါမယ်။

 ပြီးတော့ အခုလို ဟားခါးအထိသွားပြိးတော့မှ ဝန်ကြီးတွေဆုံတဲ့နေရာတွေမှာ ဒီလိုတွေ မမေးမြန်းခဲ့တာတွေလည်း ပါရင်လည်း ပါမှာပေါ့နော်။ နှစ်ဖက်ဖြစ်သွားနိုင်တယ်။ ကိုယ့်ဘက်မှာလည်း ဟားခါးရှိတဲ့ ချင်းပြည်နယ် အစိုးရဖွဲ့ရှိတဲ့ ရုံးကိုရော သွားပြီးတော့ မေးမြန်းခဲ့သလား။ သူတို့အနေနဲ့ကလည်း ပြည်သူနဲ့ ထိတွေ့ဖို့ဆိုတာ ကိုယ်က မေးမြန်းရမယ်။ အဲလိုဖြစ်ဖို့အတွက်ကလည်း ပြည်သူ့ကြားထဲရောက်ဖို့ဆိုတာ စတုတ္ထမဏ္ဍိုင်ရဲ့ အကူအညီ အများကြီးလိုပါတယ်။ ဒါ စတုတ္ထမဏ္ဍိုင်က ဖွင့်ချလို့အရဆုံး မဏ္ဍိုင်တွေအားလုံးထဲမှာ စတုတ္ထမဏ္ဍိုင်က ဖွင့်ချလို့အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် ဒါ စတုတ္ထမဏ္ဍိုင်ကရော ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်ကို သွားကြည်သလားဆိုတဲ့ ဟာလေးတွေလည်း ပါမယ်လို့ ကျွန်မမြင်ပါတယ်။

ပြီးတော့ ကျွန်မသိရတာ ချင်းပြည်နယ်က သူတို့ပြောပြရဆို ဟိုတစ်လောက ကျွန်မတို့ လူမှုရေးဝန်ကြီးလည်း တွေ့ခဲ့တယ်။ သူ့အနေနဲ့ ပညာရေးကဏ္ဍတွေမှာ ဆရာ/ဆရာမတွေ ခန့်အပ်ဖို့၇ယ် ပညာရေးလုပ်ဆောင်ဖို့ရယ် လူမှုရေးအခန်းကဏ္ဍ သူတို့လုပ်တဲ့ဟာ အခု သူတို့ရဲ့ ချင်းပြည်နယ်ဆိုတာက အခု ကုန်လွန်ခဲ့တဲ့အချိန်တွေ လမ်းပန်းဆက်သွယ်ရေးဆိုတာ ကျွန်မတို့ကို သဘာဝက ဖန်တီးပေးထားတဲ့အခြေအနေနဲ့ သိပ်ပြီးတော့ ပြောင်းလဲသေးတာမဟုတ်ဘူူး။ ခက်ခဲတယ်။ ကြမ်းတမ်းတယ်။ အဲဒီခရီးကို သူတို့ ရောက်အောင်သွားတယ်။ ဖြေရှင်းပေးတာတွေ ကျွန်မတို့ သိရတယ်။ ပြီးတော့ ကျောင်းတွေကအစ၊ ကျန်းမာရေးအခန်းကဏ္ဍတွေကအစ သူတို့တွေ ဖြေရှင်းပေးတဲ့ကိစ္စတွေ ဆောင်ရွက်ပေးတဲ့ကိစ္စတွေ ပြီးတော့ အသိပေးပညာလေးတွေ လုပ်တဲ့ဟာတွေ အများကြီးရှိတယ် အခန်းကဏ္ဍလေးတွေ ဆိုတော့ သူတို့ရဲ့ ရပ်တည်မှုတွေလည်း အရမ်း ခက်ခဲလိမ့်မယ်။ အရင်တုန်းက ဝန်ကြီးဆိုတာ ပြောရမယ်ဆိုရင် ဗုန်းဗောလအော ပေါခဲ့တဲ့ အခြေအနေပါ။ အခုက သူတို့ တာဝန်ယူရတဲ့ အခန်းကဏ္ဍကများတယ်။ များတဲ့အခန်းကဏ္ဍကို ဝန်ကြီးဆိုတဲ့ ဝန်ကြီးဖြစ်သင်တန်း မတက်ခဲ့ပေမယ့်လည်း နိုင်နိုင်နင်းနင်း သူတို့လုပ်ခဲ့တယ်။ ဝန်ကြီးဆိုတာကို planချဖို့ နဂိုကတည်းက သတ်မှတ်ထားပြီး planဆွဲထားခြင်းအားဖြင့် ဒါ ဖြစ်ချင်မှဖြစ်မှာ။ သဘာဝက ကိုယ့်ကို လာပြီး အခြေအနေဘယ်လိုဖြစ်လာမလဲ လူမှုဝန်ကြီးဆိုရင် ဘယ်ဒေသက ဘာဖြစ်လာမလဲ။ ပြီးခဲ့တဲ့လကဆို မြေပြိုတာတို့ မိုးသီးကြောင့် ဖြစ်တာတွေက တစ်ဆက်ပြီးတစ်ဆက် သွားတာလေ။ အဲဒါမျိုး မိုးသီးကျလာမယ် ဘယ်နှစ်ခုနှစ်မှာ မိုးသီးကျမယ်ဆိုတာကို ကျွန်မတို့ တွက်ချက်လို့မရတာတွေ ထိတွေ့လို့မရတဲ့ကဏ္ဍတွေက အများကြီးရှိတယ်။ အဲလိုမျိုးတွေကအစ သူတို့တွေက ရောက်ရာအရပ်မှာ ဖြစ်တဲ့အခြေနေကို သူတို့တွေ ဘယ်လိုဖြေရှင်းမလဲ။ သူတို့တွေ ကြိုးစားပြီးတော့မှလည်းပဲ သူတို့ရဲ့ ဝိုင်းဝန်းပြီး ပူးပေါင်းပြီး ကြိုးစားမယ်ဆိုတာထက် စေတနာနဲ့ ဝန်ကြီးအချို့ရဲ့ ဆုံးဖြတ်ချက်အောက်မှာ သူတို့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေလည်း ရှိတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ကို သူတို့ ခင်းပြတဲ့အတွက်ကြောင့် သိရတဲ့ အခန်းကဏ္ဍလေးတွေပေါ့နော်။

 ပြီးတော့ ညီမလေး အခုပြောတဲ့ အခန်းကဏ္ဍ ပြည်သူကတော့ ဖြစ်စေချင်တဲ့ အခန်းကဏ္ဍလေးတွေကတော့ ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ဒေသမှာက အကြမ်းထည်ပဲ ရှိသေးတယ်လေ။ အရာအားလုံး လမ်းပန်းဆက်သွယ်ရေး၊ မီး၊ ရေ အကြမ်းထည်ပဲ ရှိသေးတယ်။ လမ်းဆိုတဲ့ဟာတွေကလည်း ကတ္တရာမမြင်ဖူးဘဲ သေသွားတဲ့သူတွေ အများကြီးရှိမှာပေါ့နော်။ အဲဒီနေရာမှာ နေတဲ့သူတွေပါ။ ဒါက ကျွန်မအနေနဲ့ အဆုံးစွန်းဆုံးအထိ ပြောတာပါ။ ကုန်လွန်ခဲ့တဲ့အချိန်က နှစ်ပေါင်းအများကြီး ဖြစ်ခဲ့တဲ့အချိန် လမ်းဆိုတာတောင်မှ မြေသားလမ်း ခြေလျင်နဲ့လျှောက်ရတယ်ဆိုတဲ့လမ်းကို အခု ဆိုင်ကယ်တို့ သွားလို့ရတယ်။ ပြီးတော့ အခု Step By Step လုပ်ဆောင်နေရတဲ့အခြေအနေဆိုတော့ အများကြီးလိုအပ်တယ်။ ပြည်သူတွရဲ့အသံကတော့ ဘာဖြစ်မလဲဆိုရင် လမ်းပန်းဆက်သွယ်ရေးဆိုတဲ့ မေးခွန်းက သူတို့ အရင်ဆုံး မေးပါလိမ့်မယ်။ သူတို့အော်တဲ့အသံက လမ်းကောင်းကောင်းသွားဖို့ရယ် ချောချောမောမော သွားလို့ရဖို့ရယ် လမ်းကို အဓိက သူတို့ တောင်းဆိုပါလိမ့်မယ်။

ဒုတိယအချက်ကတော့ ဘာလဲဆိုတော့ မီးလင်းရေး။ လျှပ်စစ်ဝန်ကြီလည်းရှိတော့ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ချင်းပြည်နယ်တစ်ခုလုံးက လသာတဲ့ ရာသီဥတု တိမ်ကင်းစင်ရင်တော့ အလင်းရောင် အားလုံးရကြပါတယ်။ ကျန်တဲ့အချိန်မှာတော့ မိုးတွေလည်း မှိုင်းနေတဲ့အတွက်ကြောင့် အမှောင်ထုထဲမှာ သူတို့တွေ ထိုင်နေပါတယ်။ အဲဒီအတွက်ကြောင့် အလင်းရောင်လေး ပေးပါလို့ ကျွန်မအနေနဲ့ ပြောကြည့်တာပါ။

 ပြီးတော့ နောက်တစ်ချက်က ပညာရေး သူတို့ရဲ့ အတွေးအခေါ်တွေက အများကြီးလိုတယ်။ အတွေးအခေါ်တွေ အများကြီးလိုတယ်ဆိုတော့ အတွေးအခေါ် ပြောင်းလဲခြင်းဆိုတာ အမြင်နဲ့ အကြားနဲ့ လိုအပ်ပါတယ်။ ဆိုတော့ ဒီက ညီမတို့က အစပေါ့နော် ဒီကဆရာတွေက ကိုယ့်ရဲ့ဒေသမှာ နေရာတွေကိုသွားပါ။ အသိပေးပညာတွေ လူထုရဲ့ ဦးနှောက်အသွေး အလင်းပေးဖို့လည်း လိုပါတယ်။ သူတို့ရဲ့ မျက်စိအမြင်တွေကိုလည်း ကျွန်မတို့ ဖွင့်ပေးလို့ရအောင် ပြီးတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း လိုအပ်ပါတယ်။ အဲဒီအခန်းကဏ္ဍတွေမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍမှာ အစိုးရမဟုတ်တဲ့ဟာတွေက အားလုံး ပြည်သူတွေပါပဲလေ။ ဆိုတော့ လက်တွဲဖို့လိုတယ်။

အစိုးရရဲ့ လုပ်ဆောင်မှုက သူတို့လည်း ခက်ခဲပါတယ်။ ကျွန်မတို့ ပင်လယ်ရေမှာ လှိုင်းထန်နေတဲ့နေရာမှာ သွားတဲ့လှေတစ်စင်းက အရှေ့နဲ့အနောက် ပြောင်းပြန်လှော်မိရင်တော့ အဲဒီလှေက ခရီးရောက်မှာမဟုတ်ဘူး။ တက်ညီလက်ညီနဲ့ လှော်လို့ရအောင် အစိုးရတွေလုပ်တဲ့ဟာကို ပံ့ပိုးပေးရအောင် ပြီးတော့ တချို့ စည်းကမ်းရှိတဲ့နိုင်ငံတွေ ဒီမိုကရေစီရှိတဲ့နိုင်ငံတွေ သန့်ရှင်းတဲ့ စင်္ကာပူတို့ ဘာတို့လို နေရာမှာ ပြည်သူရဲ့ အခန်းကဏ္ဍတွေလည်း ပါတယ်လေ။ ဘာကြောင့်လဲ။ ဒီမြို့တွေက အသန့်ရှင်းဆုံးမြို့အနေနဲ့ဖြစ်ရတာ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ အမှိုက်ကို မပစ်လို့လေ။ အခုဆိုရင် ကျွန်မတို့တွေက ပြည်သူတွေကအစ စည်းကမ်းရှိဖို့ အခန်းကဏ္ဍကို လိုအပ်လို့ ပြောပြတာပါ။ အဲလိုမျိုးမှပဲ နိုင်ငံတစ်ခုဆိုတာ လူတစ်ယောက်တည်းနဲ့ အစိုးရတစ်ဖွဲတည်းနဲ့ တည်ထောင်တာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ အောင်မြင်ဖို့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အစိုးရ လုပ်ဆောင်မှုတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့ရဲ့ ဝိုင်းဝန်းပါဝင်မှု အရေးကြီးပါတယ်။ ကျွန်မတို့တွေရဲ့ လက်ချောင်းလေးတွေလိုပါပဲ။ မတူညီတဲ့ လက်ချောင်းလေးတွေ အားလုံးဆုတ်ကိုင်ပြီး အင်အားရှိတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ်ရဲ့ ဒေသတိုးတက်ဖို့က လက်ချောင်းလေးတွေလိုပါပဲ ရပ်တည်နေတဲ့ အခန်းကဏ္ဍကနေ ဆရာတွေရဲ့ အတိုက်အခံလို့ ပြောတဲ့စကားကိုလည်း ကြားရတယ်။ ကောင်းပါတယ်။ အတိုက်အခံများများရှိမှ ကျွန်မတို့လည်း ညဏ်ရည်များများထက်မှာပါ။ ဒါ ကျွန်မတို့ လက်ခံတယ်။ ကျွန်မတို့ရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနိုင်မှ ကျွန်မတို့အနေနဲ့လည်း ပြုပြင်လို့ရမယ်လေ။ ဆိုတဲ့အခါကျတော့ အဲဒီကဏ္ဍတွေလည်း ဝိုင်းဝန်းပူးပေါင်းပြီးတော့မှ လက်တွဲပြီးတော့မှ လက်ချောင်းလေးတွေလို ဆုတ်ကိုင်ပြီးတော့မှ အောင်မြင်တဲ့ ပြည်နယ်တစ်ခုကို တည်ဆောက်ကြအောင်လို့ ကျွန်မ ပြောချင်တယ်။ ဒါ ပြည်သူတွေပါဝင်မယ့် အခန်းကဏ္ဍပါပဲ။

အပိုင်း(၁) အားအောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/19290

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly