ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (အပိုင်း ၁)

ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (အပိုင်း ၁)

ဒီနေ့ကတော့ ချင်းပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်ချက်တွေ အကုန်လုံးကို ဆွေးနွေးသွားမယ့် Dialouge အစီအစဉ်ပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး မိတ်ဆက်ချင်တာကတော့ စည်ပင်သာယာရေးနဲ့ လျှပ်စစ် စက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နောက်ထပ် ဆရာမတစ်ဦးကတော့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်း ပဲ ဖြစ်ပါတယ်။ နောက်ထပ် ဆရာတစ်ဦးကတော့ ချင်းအမျိုးသား ဒီမိုကရက်တစ် အဖွဲ့ရဲ့ အတွင်းရေးမှူး ဆရာ ကျဲအိုဘိထောင်း ပဲ ဖြစ်ပါတယ်။ အခု  ဒီ ဒိုင်ယာလော့အစီအစဉ်မှာ စပြီးတော့ ဆွေးနွေးမှာကတော့ ဆရာ အိုက်ဇက်ခင်နဲ့ စပြီးတော့ မိတ်ဆက်ချင်ပါတယ်။

အဲဒါကတော့ ချင်းပြည်နယ် ရက် ၁၀၀ အတွင်းမှာ အစိုးရအနေနဲ့ ဘယ်လို (indicater)တွေ ထားပြီးတော့ ရက် ၁၀၀ အဖြေကို ဘယ်လို တိုင်းတာခဲ့သလဲဆိုတာကို အရင်ဆုံး ဆွေးနွေးပေးလို့ ရမလားဆရာ။

ဆလိုင်းအိုက်ဇက်ခင်

စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး၊ ချင်းပြည်နယ်။

ကျွန်တော်တို့ ဒီ ရက် ၁၀၀ ကိစ္စကတော့ NLD အစိုးရ တာဝန်ယူတဲ့အချိန်မှာ ဒီအိုင်ဒီယာကို စပြီးတော့ ရုပ်လုံးဖော်တာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီအစိုးရသစ် မတက်ခင်အချိန်မှာလည်းပဲ ရက် ၁၀၀ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေ တခြား နိုင်ငံရေး လေ့လာသုံးသပ်သူတွေကရော ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်သင့်တယ် ဘာတွေကိုတော့ ပြီးစီးအောင် ဆောင်ရွက်သင့်တယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးတာရှိပါတယ်။ အစိုးရသစ်အနေနဲ့ကလည်းပဲ နိုင်ငံတော်အဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တွေမှာ ရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်ရမယ့် ဦးစားပေးကိစ္စတွေကို ရွေးချယ်ဆောင်ရွက်ဖို့ လမ်းညွှန်တာရှိပါတယ်။ အဲတော့ ကျွန်တော့အနေနဲ့ ဒီနေရာမှာ အင်ဒီကေတာ ဆိုတာထက် ဒီ ရက် ၁၀၀ အတွင်းမှာ ကိုယ့်ရဲ့ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆောင်ရွက်သင့်တဲ့ကိစ္စကို တက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆောင်ရွက်သွားတယ်လို့လည်း ပြောလို့ရပါတယ်။ တကယ့်တကယ်တော့ ဒီ ရက် ၁၀၀ ဆိုတာက အခုမှစရတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ရက် ၁၀၀ နဲ့ပတ်သက်ရင် အစိုးရအဖွဲ့တွေ ဦးစားပေးပြီးတော့ ဆောင်ရွက်တဲ့ကိစ္စတွေနဲ့ ဌာနဆိုင်ရာတွေက ဆောင်ရွက်တဲ့အပိုင်းတွေ ရှိပါတယ်။ အဲတော့ အရေးကြီးတဲ့အချက်ကတော့ ဒီနေရာမှာ ကျွန်တော့အနေနဲ့ အဓိက ပြောသွားမယ့်အချက် Highlight လုပ်ချင်တဲ့ကိစ္စကတော့ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒီရက် ၁၀၀ အတွင်းမှာ ဘာတွေကို ဦးတည်ချက်ထားပြီးတော့ ဆောင်ရွက်သွားသလဲဆိုတာ ဖြစ်ပါတယ်။

ဌာနဆိုင်ရာတွေကတော့ သူ့ရဲ့ဌာန ပြည်ထောင်စုအဆင့် လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်သွားတာ ရှိပါတယ်။ ကျွန်တော်အနေနဲ့ အစိုးရအဖွဲ့ကိုယ်စား ပြောရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်သွားတဲ့ကိစ္စတွေကို ပြောဖို့ ရှိပါတယ်။ အင်ဒီကေတာ ဆိုတာထက် သူ ဖြစ်သင့်တဲ့ကိစ္စကတော့ ရက် ၁၀၀ မှာ ဘာတွေလုပ်သွားသလဲ ဘာတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်သွားသလဲဆိုတာက ကျွန်တော်တို့ ပိုပြီးတော့ ဆီလျော်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက် ၁၀၀ က တချို့မှာ ချက်ချင်းအဖြေထွက်တာရှိတယ်။ တချို့ကတော့ ရေရှည်မှာ သွားရတာရှိတယ်။ အဲတော့ ရက် ၁၀၀ ရဲ့ Nature က ချက်ချင်း ရက် ၁၀၀ အတွင်း သုံးလအတွင်း အဖြေထွက်သွားတဲ့ကိစ္စတွေ ရှိသလို နောက်တစ်ခုက သုံးလကျော်ပြီးတော့ ဆက်တိုက် ဆောင်ရွက်သွားရတဲ့ အပိုင်းတွေ ရှိပါတယ်။

ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက်ချက်ကတော့ သုံးလအတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်တဲ့ဟာကို အဓိက ဦးတည်တာရှိပါတယ်။ သို့သော်လည်းပဲ အစိုး၇အဖွဲ့အနေနဲ့ကြတော့ သုံးလအတွင်းမှာ စဆောင်ရွက်တဲ့ကိစ္စက ရေရှည်ကို ရောက်သွားနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်သွားတာ ရှိပါတယ်။ အဲတော့ ချင်းပြည်နယ် အစိုးရအနေနဲ့လည်း ရက် ၁၀၀ ကိစ္စလို့ပြောရင် ရက် ၁၀၀ အတွင်းမှာ ပြီးစီးသွားရင် ဌာနဆိုင်ရာတွေက ဆောင်ရွက်သွားတဲ့ကိစ္စ ရှိသလို အစိုးရအဖွဲ့ကနေပြီးတော့ ဒီ ၇က် ၁၀၀ ထက် ကျော်လွန်ပြီးတော့မှ ငါးနှစ်စာအတွင်းဘက် ရောက်သွားနိုင်တဲ့ အနေအထားတွေကို အစပျိုး ဆောင်ရွက်ခဲ့တဲ့ ကိစ္စရှိပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါရှင့်။ နောက်ထပ် ဆွေးနွေးချင်တာကတော့ ဆရာမပေါ့နော်။ ဆရာမအနေနဲ့ အခု ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပေါ့နော်။ ဆရာကတော့ ရက် ၁၀၀ အပြင် လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။ ကျွန်မတို့ကရော ဆရာမအနေနဲ့ လက်ရှိမှာ ရက် ၁၀၀ အတွင်းမှာပေါ့ ချင်းပြည်နယ်အစိုးရအနေနဲ့ ဘာတွေ သိသာမြင်သာ ပြောင်းလဲသွားအောင် လုပ်နိုင်လဲပေါ့။

ဒေါ်ကျိန်ငိုက်မန်

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၇၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်။

အစိုးရအဖွဲ့အနေနဲ့ တော်တော်ကို လုပ်ဆောင်ချက်တွေပေါ့နော် ခုနက ဝန်ကြီးလည်း ပြောသွားပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေအတွက် မူဝါဒ ချရတဲ့လမ်းစဉ်တွေ အခန်းကဏ္ဍတွေလည်း သူတို့ လုပ်ကြတယ်။ ဥပမာ ကျေးလက် ဌာနတွေဆိုရင်တောင်မှ သူတို့က လာမယ့် ၁၅ နှစ်အထိပါ ဘယ်လိုဆွဲမလဲဆိုတဲ့ဟာပေါ့ ဖွံ့ဖြိုးတိုးတက်မှု ဘယ်လိုဆောင်ရွက်မလဲဆိုတာပါ မြို့နယ်၊ ခရိုင်ကအစပေါ့နော် ပြည်နယ်ရုံးမှာ အဲဒီအခန်းကဏ္ဍလေးတွေ ဆွဲနေတာတော့ ကျွန်မ သိရတယ်ပေါ့နော်။

 ပြီးတဲ့အခါက ဝန်ကြီးတို့ စည်ပင်ကဌာနကလည်း Plan တွေ ဆွဲနေတာတွေ အဲဒီအခန်းကဏ္ဍတွေ သိသိသာသာ သိရပါတယ်။ ပြီးတော့ ဝန်ကြီးပြောသွားသလိုပါပဲ တချို့ဟာတွေက မြန်မြန်ဆောင်ရွက်လို့ရတာတွေလည်း ရှိပါတယ်။ တချို့ မူဝါဒ ဆွဲပြီးသားလေးတွေပေါ့နော် ပြန်ပြီး ဆောင်ရွက်နေတဲ့ဟာတွေ သူတို့ လုပ်ငန်းလုပ်နေတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ကျွန်မတို့ မြို့နယ်မှာဆိုရင် ဒီ ရက် ၁၀၀ အတွင်း သိရတာပေါ့ ကျေးလက်ဦးစီးဌာနဆိုရင် ရေထုတ်ပြွန်တွေ လုပ်နေတာပေါ့နော်။ အဲဒါမျိုးလေးတွေ အပြီးလုပ်နေတာ။ ရက် ၁၀၀ အတွင်းကတော့ ရေထုတ်ပြွန်တွေ တချို့လုပ်နေတာ ကျွန်မ တွေ့ရပါတယ်။

မဇ္ဈိမ

ဆရာ ကျဲအိုဘိထောင်း ကရော လက်ရှိ ရက် ၁၀၀ စီမံကိန်းအပြီးမှာ ဆရာအနေနဲ့ ဘာတွေများ ဆက်ပြီးတော့ ချင်းပြည်နယ်အစိုးရကို အကြံပေး ဆွေးနွေးချင်ပါသေးလဲ။

ကျဲအိုဘိထောင်း

ပထမဆုံး ဒီ ရက် ၁၀၀ ဆိုတာကတော့ ဒီက ဝန်ကြီးပြောသလို အနောက်နိုင်ငံ အမေရိကန်ကနေ လာတယ်ဆိုပါတော့။ အဲတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ ကျော်အကြာ တကယ့်ကို ချွတ်ခြုံကျခဲ့တာဆိုတော့ အခု အစကနေ စနေတဲ့အချိန်မှာတော့ သိပ်ပြီးတော့ ရက် ၁၀၀ ဆိုတဲ့ ဘောင်အတွင်း ဆိုတဲ့ဟာကို ကျွန်တော် နဲနဲစဉ်းစားမိတယ်။ တစ်ဖက်ကလည်းပဲ ကျွန်တော်တို့ ဒီနေ့ဆိုရင် ချင်းပြည်နယ်အစိုးရ ဝန်ကြီးရဲ့ သက်တမ်းက ၆ လလောက်ရှိပြီ။ ၆ လဆိုတာက ၅ နှစ်ရဲ့ ၁၀ ပုံတစ်ပုံပေါ့ဗျာ။ အဲတော့ ဒီ ၆ လဆိုတာကိုတော့ နဲနဲသုံးသပ်လို့ရပြီလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီ ရက်ပေါင်း ၁၀၀ မှာ ဝန်ကြီးလည်း ဒီရန်ကုန်မှာလာပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် လေ့လာတယ်။ ဝန်ကြီးတို့ ချင်းပြည်နယ်အစိုးရမှာလည်းပဲ အွန်လိုင်းမီဒီယာလည်းရှိတယ်ဆိုတော့ ကျွန်တော်တို့က Follow up လုပ်တယ်။ အဲဒါကြောင့် ကျွန်တော်က ယေဘုယျသဘောနဲ့ ဒီ ၆ လအတွင်းကိုပဲ ကျွန်တော် တက်နိုင်သလောက် ခြုံငုံပြီးတော့ ကွန်းမန့် ပေးချင်ပါတယ်။

အဲတော့ နံပါတ်တစ်အချက်ကတော့ အားသာချက်အပိုင်းတွေပေါ့လေ အဲဒါကို ကျွန်တော် နည်းနည်းပြောချင်တယ်။ အားသာချက်အနေနဲ့ကတော့ ချင်းပြည်နယ်အစိုးရ စစချင်းမှာ မိုးတွင်းဖြစ်နေတယ်။ အဲတော့ရေကလည်းကြီး၊ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း ဒါပေမယ့် အဲဒီကြားထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းပြည်နယ်အစိုးရ စပြီးတော့ Run တဲ့အခါမှာ လူထုဆီကို သွားရမယ်။ ပြီးလို့ရှိရင် လူထုအသံကို နားထောင်ရမယ်ဆိုတဲ့ဟာနဲ့ ဝန်ကြီးအဖွဲ့တွေ အဖွဲ့လိုက်သွားတာတို့ ခွဲတာတို့ ရှိတယ်ပေါ့နော်။ အဲဒီပုံစံမျိုးကို ကျွန်တော် သဘောကျတယ်။ အဲဒီဟာနဲ့ တဆက်တည်းပဲ ဝန်ကြီးချုပ်ကလည်းပဲ တကယ့်ကို လမ်းပန်းဆက်သွယ်ရေးတို့ ဘာတို့ကို ဦးစားပေးအနေနဲ့ ထားတယ်။ သူတို့ တော်တော်လေး လုပ်တယ်ဆိုတာကို ကျွန်တော်တို့ မြင်တယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့ ကြိုဆိုပါတယ်။

နောက်ပြီးတော့ ဟားခါးအပါအဝင် တချို့နေရာတွေမှာ လုပ်ထားတာတွေကို ကျွန်တော် သဘောကျတယ်။ အဲတော့ ဒါတွေကတော့ International Organizing တွေနဲ့ တော်တော်လေးကို ချိတ်ဆက်နိုင်တဲ့ အနေအထားရှိတယ်။ တကယ်တမ်းကျတော့ ပြီးခဲ့တဲ့ အစိုးရအနေနဲ့လည်းပဲ အတန်တန် ကျွန်တော်တို့က ပြီးခဲ့တဲ့အစိုးရမှာလည်းပဲ ဝန်ကြီးချုပ် ဦးအုန်းလက်ထက်မှာလည်းပဲ အတိုက်အခံဆိုတော့ ကျွန်တော်တို့က တော်တော်လေးကို အကျင့်သားရတဲ့အခါကျတော့ အဲဒီတုန်းကလည်း ကျွန်တော်တို့  ပြောလိုက်တယ်။ ခင်ဗျားတို့ International Organizing တို့ INGO တို့ Develoment အနေနဲ့လည်း ချိတ်ဆက်လို့ ရရင်ရမှာပါ။ အဲတော့ သူတို့က ပြောတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့အရ ကျွန်တော်တို့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ကျွန်တော် အကြမ်းမျဥ်း ခြုံငုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ချင်းပြည်နယ်အစိုးရ လက်ရှိအနေအထားမှာ သူကလည်း ပေးထားချက်တွေ ရှိတာဆိုတော့ ဖွံ့စည်းပုံ အခြေခံဥပဒေဇယား ၂ က ပေးထားချက် ၅၀ ကျော်ရှိတဲ့ ဒီအပေါ်မှာလည်း ကစားရသေးတယ်။ ဒီနှစ်ဘက်ဂျက်က အရင်အစိုးရဆွဲထားတဲ့ ဘတ်ဂျက်ပေါ်မှာ ကစားနေရတာဆိုတော့ လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူး။ နဲနဲတော့ပြင်တယ်။ ဒါပေမယ့် အဲလောက်လည်း ပြင်လို့မရဘူးဆိုတဲ့ ဟာလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့်လည်းပဲ ခြုံငုံပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ အခြေခံအဆောက်အဦး ကိစ္စလို့ပဲ ဦးစားပေးအပိုင်းတွေပဲ ကျွန်တော်တို့မြင်တယ်။ ချင်းပြည်နယ်အစိုးရကို ဘောလုံးအဖွဲ့တစ်ခုအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ အခုကတော့ သူတို့က ဘောလုံးကန်တာက ငါးမိနစ်လောက်ပဲ ရှိသေးတယ်ပေါ့ဗျာ။ မိနစ်ကိုးဆယ်မှာ အများကြီးတော့ ကျွန်တော် မသုံးသပ်ဘူး။ ဒါပေမယ့် ပေးထားချက်အနေအထားမှာ ကျွန်တော်တို့ ပြောမယ်ဆိုလို့ရှိရင် ဒီ စာအိတ်ကနေလာတယ် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကအစ တော်တော်များများက စာအိတ်ပေါ်လစီကနေ လာပြီးတော့ ဒီ ဝန်ကြီးချုပ်လုပ်မယ် ဝန်ကြီးလုပ်မယ်ဆိုတဲ့ ထင်ထားတဲ့ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ထားတဲ့သူတွေက မလုပ်ဖြစ်ဘူး။ အဲတော့ ကိုယ့်ဘာကိုယ် ပြင်ဆင်မှု သိပ်မရှိတဲ့သူတွေကပဲ လုပ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါတွေက နည်းနည်း အားနည်းတယ်လို့ ကျွန်တော်ထင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly