Spider-Man မင်းသားဟောင်း တိုဘီမာဂူရီ နဲ့ ဂျနီဖာမာယာတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ

Spider-Man မင်းသားဟောင်း တိုဘီမာဂူရီ နဲ့ ဂျနီဖာမာယာတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၉ ။                   ။ Spider-Man မင်းသားဟောင်း တိုဘီမာဂူရီ နှင့် ဇနီးဖြစ်သူ ဂျနီဖာမာယာတို့နှစ်ဦးသည် ကိုးနှစ်တာ ပေါင်းသင်းခဲ့ကြပြီးနောက် ကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏ ကိုယ်စားလှယ်များက အတည်ပြု ပြောကြားခဲ့သည်။

“ စဉ်းစားသုံးသပ်ပြီးမှ ကွာရှင်းဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပထမဦးစားပေးအနေနဲ့  ကျွန်မတို့ရဲ့ သားသမီးတွေကို အတူ ပြုစုပျိုးထောင်သွားမှာပါ။ ခိုင်မြဲတဲ့အချစ်တွေ ၊ လေးစားမှုနဲ့ ခင်မင်ရင်းနှီးမှု သံယောဇဉ်တွေနဲ့ပေါ့”ဟု ၎င်းတို့စုံတွဲက  People မဂ္ဂဇင်းကို အောက်တိုဘာ ၁၈ရက်တွင် ပြောကြားခဲ့သည်။

အသက် ၄၁ နှစ် အရွယ်ရှိ မာဂူရီ နှင့် လက်ဝတ်ရတနာဒီဇိုင်နာ ဂျနီဖာတို့သည် ၂၀၀၃ ခုနှစ်က တွေ့ဆုံခဲ့ပြီး ၂၀၀၇ ခုနှစ်က ဟာဝါရီတွင် မိသားစုဝင်များ နှင့် သူငယ်ချင်းများရှေ့တွင် လက်ထပ်ခဲ့ကြသည်။ မာဂူရီ နှင့် ဂျနီဖာတို့နှစ်ဦးတွင် အသက် ကိုးနှစ်အရွယ် သမီးဖြစ်သူ ရူဘီ နှင့် အသက် ခုနစ်နှစ်အရွယ် သားဖြစ်သူ အိုတစ်တို့  ထွန်းကားခဲ့သည်။

“ မာဂူရီ နဲ့ ဂျနီဖာတို့နှစ်ဦးဟာ လမ်းခွဲလိုက်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ နေသွားမှာပါ။ သူတို့ရဲ့ သားသမီးတွေကို အတူပြုစု ပျိုးထောင်သွားမယ်လို့ ကတိပြုထားကြပါတယ်။ ဒါဟာ အခင်အမင်မပျက်တဲ့ အခြေနေတစ်ရပ်ပါပဲ”ဟု ၎င်းတို့ နှစ်ဦးနှင့် သိကျွမ်းသော သတင်းအရင်းမြစ်တစ်ခုက  Entertainment Tonight ကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly