ဂီတလောက ရဲ့ ပထမဆုံး Tay Music Streaming Service စပြီ

ဂီတလောက ရဲ့ ပထမဆုံး Tay Music Streaming Service စပြီ

သီချင်းချစ်သူပရိသတ်များအတွက် ကိုယ်နှစ်သက်ရာ အဆိုတော်ရဲ့ သီချင်းများကို Tay အမည်ရှိတဲ့ အပလီကေးရှင်းကို အသုံးပြုကာ နားထောင်နိုင်အောင် ဝန်ဆောင်မှုပေးမယ့် Music Streaming Service ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် စတင်မိတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဂီတအနုပညာရှင်များရဲ့ တေးသီချင်းပေါင်းများစွာကို Tay ကို အသုံးပြုကာ အခကြေးငွေဖြင့် နားထောင်နိုင်မှာဖြစ်ပြီး ယခု နှစ်အတွင်းမှာ စတင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း Tay ကို တင်ဆက်သူတစ်ဦး ဖြစ်တဲ့ အဆိုတော် ရန်ရန်ချမ်းက ပြောပါတယ်။

“ ကျွန်တော်တို့က အနုပညာရှင်တွေဆီက ခွင့်ပြုချက်တွေနဲ့အတူ သူတို့ရဲ့ သီချင်းတွေ အကုန်လုံးကို Tay မှာ ထည့်ပေးထားမယ်။ အခုဆို တော်တော်များများကိုတော့ စုမိနေပါပြီ။ Tay App ကို  ဒီနှစ်အတွင်းမှာ ပရိသတ်တွေ ဖုန်းတွေထဲ ရောက်အောင် လုပ်သွားမှာပါ။” လို့ ဆိုပါတယ်။

တေးသီချင်းများ နားထောင်နိုင်ရန်အတွက် Tay အသုံးပြုသူများ အနေနဲ့ တစ်ရက်ကို မြန်မာကျပ်ငွေ ၉၀ (သို့မဟုတ်) တစ်ပတ်စာ ၄၅၀ ကျပ်ကို ပေးသွင်းပြီး ကိုယ်နှစ်သစ်ရာ တေးသီချင်းများကို သတ်မှတ်ရက်အတွင်း နားဆင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Music Streaming Service အသုံးပြုသူများထံမှ အခကြေးငွေ ကောက်ခံသလို Tay တွင် ပါဝင်သည့် ဂီတအနုပညာရှင်များ အတွက်လည်း ခံစားခွင့်များ သတ်မှတ်ပေးထားမှာဖြစ်တဲ့အကြောင်း Tay ကို ပူးပေါင်းတင်ဆက်တဲ့ အဆိုတော် ဘာဘူက ပြောပါတယ်။

“ Tay မှာ ပါမယ့် ကျွန်တော်တို့ရဲ့ဂီတ ညီအစ်ကို မောင်နှမတွေအတွက်လည်း လုပ်ထားပါတယ်။ ဒါကတော့ နိုင်ငံတကာမှာလည်း အဆင်ပြေပြီးသားဖြစ်တဲ့ အခြေခံအတိုင်းသွားမှာပါ။ ပရိသတ်နားထောင်တဲ့ အကြိမ်အရေအတွက် အတိုင်းကို ခံစားခွင့်ရမှာပါ၊ အဲဒီက ရတဲ့ အကျိူးအမြတ်ကိုမှ သီချင်းနဲ့ဆိုင်တဲ့သူတွေ အားလုံးကို ခွဲဝေပေးမှာပါ ” လို့ ရှင်းပြခဲ့ပါတယ်။

Tay Music Streaming Service ရဲ့ထူးခြားချက်က ပရိသတ်များအနေနဲ့ ကိုယ်နှစ်သက်တဲ့ တေးသံရှင်တစ်ယောက်ရဲ့ တေးသီချင်းများကို အသစ်ထွက်ရှိထားသည့် သီချင်းများသာမက တေးသီချင်း အဟောင်းများကိုပါ တစ်ပုဒ်မကျန် ရှာဖွေနားဆင်နိုင်အောင် စီစဉ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Tay App ကို  Google Play Store မှာ ဒေါင်းလုတ်ရယူနိုင်ပြီး ပရိသတ်များက ကိုယ်ပိုင် Tay အကောင့်ဖွင့်ကာ ဖုန်းဘေလ်ဖြင့် ငွေပေးချေနိုင်သလို ဘဏ်အကောင့်များမှလည်းပေးချေနိုင်တယ်လို့ သိရပါတယ်။အဆိုပါ Tay Music Streaming Service မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly