ကချင်စစ်ပွဲများ ရပ်တန့်ရေး ဟားခါးနှင့်ထန်တလန်တွင် ဆန္ဒပြ

ကချင်စစ်ပွဲများ ရပ်တန့်ရေး ဟားခါးနှင့်ထန်တလန်တွင် ဆန္ဒပြ
 ဓါတ်ပုံ  lalawm pula ဖေ့ဘုတ်

အောက်တိုဘာလ ၁၇ ရက်၊ ချင်းမိုင်(မဇ္ဈိမ)။         ။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ချင်းပြည်နယ် ဟားခါး နှင့် ထန်တလန်တွင် ချင်းပြည် သူလူထု ထောင်နှင့်ချီ၍ အောက်တို ဘာလ ၁၇ ရက်က စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ၁၂ နာရီချိန်ထိ ချင်းပြည်နယ် ဟားခါးမြို့နယ် ဝမ္မသူအားကစားကွင်းမှ ဦးရာလ်မှုန်း အားကစားကွင်းထိ “ကချင် ထိုးစစ် တိုက်ပွဲများ ချက်ချင်းရပ်” ဟူသော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက်ချီ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု

 “ကျနော်တို့ ၁၀ နာရီကနေ ၁၂ နာရီထိ မြို့တွင်း ဝမ္မသူးမောင် အားကစားကွင်းကနေ မြို့သစ်ရပ်ကွက် ဦးရာလ်မှုန်း ကွင်း အားကစားကွင်း ထိပေါ့။ လူက ခန့်မှန်ခြေ ထောင်တော့ ချီတယ်။ အဓိကအားဖြင့် ကျနော်တို့ လက်ရှိ မြန်မာ နိုင် ငံမှာ ဖြစ်တဲ့ စစ်ပွဲဖြစ်တာကို အမြန်ဆုံး ရပ်တန့်ပေးဖို့ လုပ်ဆောင်တာပေါ့”ဟု ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော် မတီဝင် ဆလိုင်းဗန်ကျင်ခန်းက ပြောသည်။

“အမှန်တရားနှင့် တရားမျှတမှုကို တောင်းဆိုသည်” “ကချင်ထိုးစစ်တိုက်ပွဲများ ချက်ချင်းရပ်” “ရှမ်းထိုးစစ် တိုက်ပွဲများ ချက်ချင်းရပ်” “ ငြိမ်းချမ်းရေးကို လိုချင်သည်” “ ပင်လုံစာချုပ် သစ္စာမဖောက်သင့်”စသည့် စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ထို့ပြင်  စစ်ပွဲများ ရပ်တန့်ရေး အပါအဝင် နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် တောင်းဆိုထားသော ကြေငြာချက်ကို ထုတ်ပြန်၍ တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များကို နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့သွားမည် ဖြစ်သည်။

“ကျနော်တို့ ဆန္ဒထုတ်ဖော်တာ မကဘဲ။ ကျနော်တို့ ထုတ်ပြန်ချက်ကို သက်ဆိုင်ရာကို ပို့ဖို့ စီစဉ်ထားတယ်။ အဲဒါက ကျနော်တို့ လုပ်ဆောင်တာကို အစိုးရက တကယ် အချိန်ယူပြီးတော့မှ ငြိမ်းချမ်းရေးမှာ စစ်မဖြစ်ဘဲနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ပြောချင်တယ်”ဟု ဆလိုင်းဗန်ကျင်ခန်းက မဇ္ဈိမကို ပြောသည်။

အလားတူ ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း တိုက်ပွဲ ရပ်တန့်ရန် ချင်းပြည်သူလူထု ၁၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဖလမ်းမြို့တွင်မူ တိုက်ပွဲများ ရပ်တန့်ရေး ဆုတောင်း ဝတ်ပြုမှု ကျင်းပခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တောင်းဆိုတာက တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့၊ ပြီးတော့ အစိုးရနဲ့ ပြည်ထောင်စုလွတ်တော်ကနေ ဖိအားပေး၊ သူတို့ကိုယ်တိုင် အခုချိန်ထိ ဘာမှ အသံမထွက်သေးဘူးလေ။ သူတို့ကိုလည်း ဖိအား ပေးချင်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ထန်တလန်မြို့မှ ဆန္ဒဖော်ထုတ်မှုဦးဆောင်သူ ဘွေအုန် ထန်းက ပြောသည်။

အောက်တိုဘာလ ၆ ရက်က ကချင်ပြည်နယ်အတွင်းနှင့် တစ်နိုင်ငံလုံး တိုက်ပွဲများ ရပ်တန့်ရန်အတွက် ကချင်ပြည်သူ လူထုက မြစ်ကြီးနားမြို့တွင် လူထုသောင်းချီက ဆန္ဒဖော်တောင်းဆိုခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေးမြို့များတွင်လည်း လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ 

အလားတူ အမေရိကန်၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားများကလည်း မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly