မောင်တောတွင် နယ်မြေရှင်းလင်းရေးလုပ်သည့် ရဲတပ်ဖွဲ့များ ဓားဖြင့် တိုက်ခိုက်ခံရ၊ တိုက်ခိုက်သူ သုံးဦး သေဆုံး

မောင်တောတွင် နယ်မြေရှင်းလင်းရေးလုပ်သည့် ရဲတပ်ဖွဲ့များ ဓားဖြင့် တိုက်ခိုက်ခံရ၊ တိုက်ခိုက်သူ သုံးဦး သေဆုံး
ဓာတ်ပုံ-တပ်မတော်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အောက်တိုဘာ ၁၅ ရက်နေ့က တပ်မတော်စစ်ကြောင်းများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ နယ်မြေလုံခြုံရေးလုပ်ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များကို အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်နှင့် မောင်တောတို့တွင် သေဆုံးမှုများသည့် တိုက်ခိုက်မှုများမှာ အစ္စလာမ်မစ်သောင်းကျန်းသူများက နောက်ကွယ်က ပါဝင်ကြောင်း အစိုးရက အတည်ပြုပြီးနောက် ယခုတိုက်ခိုက်မှု ထပ်မံပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁၅ရက် နံနက် ၁၁နာရီကျော်ခန့်က လိပ်အိုင်ကျေားရွာအရောက် ရဲတပ်ကြပ် သောင်းညိုမှာ အရိုး/အသွား ၄ပေခွဲခန့်ရှိ ဓားရှည်ဖြင့်တိုက်ခိုက်ခံရပြီး ရဲတပ်သား ထက်ဇော်ဦး နှင့် ရဲတပ်သား ခင်စိုးတို့ကို အမျိုးသမီးနှစ်ဦးက အရိုးအသွား ၂ပေခွဲခန့်ရှိ ဓားချွန်ဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက တိမ်းရှောင်သဖြင့် ထိခိုက်မှု မရှိခဲ့ပေ။ ထိုသို့ တိုက်ခိုက်လာသူ သုံးဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ အမျိုးသား ၁ဦး၊ အမျိုးသမီး ၂ဦးအား အသေဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်က ရဲစခန်းများ တိုက်ခိုက်ခံရပြီးချိန်မှစကာ အောက်တိုဘာ ၁၄ ရက်ထိ ကျဆုံးသည့် ရဲအင်အား ၂၉ ဦးရှိကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုများအား အရှေ့အလယ်ပိုင်းက ငွေကြေးထောက်ပံ့မှုများနှင့်အတူ တာလီဘန်များထံ သင်တန်းတက်ရောက်ခဲ့သော အစွန်းရောက်များက လပေါင်းများစွာ သင်တန်းပေးထားသည့် အင်အား ၄၀၀ ကျော်ရှိသည့် အစွန်းရောက်များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ပြည်တွင်းအစ္စလာမ်မစ် Aqa Mul Mujahidin အကာမူလ်မူဂျာဟီဒင်အဖွဲ့က မွတ်စလင်အများစုရှိရာ ဒေသတွင်း အစွန်းရောက်အကြမ်းဖက်မှုများ ဖြစ်ပွားအောင် သွေးထိုးဖန်တီးနေကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly