Skin Care ထုတ်မယ့် အဆိုတော် မေခလာ

Skin Care ထုတ်မယ့် အဆိုတော် မေခလာ

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။                    ။ အနုပညာရှင်များ ကိုယ်ပိုင်စီးပွားရေးတွေ အပြိုင်အဆိုင်လုပ်ရင်း အလှကုန်ပစ္စည်းတွေ ကိုယ်တိုင်ထုတ်လုပ် ဖြန့်ချိလာကြတာကို တွေ့ရပါတယ်။ အဆိုတော် မေခလာကလည်း သူ့နာမည်နဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို မကြာခင်မှာ ဖြန့်ချိတော့မယ့်အကြောင်း သိရပါတယ်။

“ချစ်ငယ်ရဲ့ နာမည်နဲ့ပဲ May Kha Lar Skin Care ဆိုပြီး ဒီဇင်ဘာလောက်မှာ ဖြန့်ချိနိုင်အောင် ကြိုးစားထားပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ၊ ကိုယ့်ရာသီဥတုနဲ့ လိုက်ဖက်အောင် ချစ်ငယ်ကိုယ်တိုင် ကိုးလ စမ်းသပ်သုံးစွဲတယ်၊ ခြောက်လ လေ့လာပြီးတော့မှ ဒီမှာ မိတ်ဆက်မှာပါ ” လို့ မေခလာက ပြောပါတယ်။

အဆိုပါ အလှကုန်ပစ္စည်းများမှာ ဂျပန်နိုင်ငံရဲ့ နည်းပညာတွေကို အသုံးပြုထားပြီး လက်ရှိအောင်မြင်နေသော အလှကုန်ပစ္စည်းများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ကြောင်းနှင့် အဆိုပါ အလှကုန်များတွင် ပစ္စည်းသုံးမျိုး ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။

“ Skin Care သုံးမျိုးပါမယ်။ မျက်နှာသစ်ဆေးရယ်၊ တိုနာရယ်၊ UV ခရင်မ်ရယ်။ သူတို့ဆီကနေ တိုက်ရိုက် ထုပ်ပိုးမှုနဲ့ပဲ သုံးမျိုးလုံးကို ယန်း ၈၀၀၀ လို့ ဆိုတော့ ချစ်ငယ်တို့ဆီမှာဆိုရင် ရှစ်သောင်းပေါ့။ ချစ်ငယ် ပရိသတ်ကို မညာချင်ပါဘူး။ ချစ်ငယ်ကိုယ်တိုင် သုံးကြည့်လို့ ယုံကြည်မှုရှိလို့ ပရိသတ်ဆီကို ယူလာပေးတာပါ” လို့ မေခလာက ပြောပါတယ်။

“ ချစ်ငယ်တို့ အလှကုန်ပစ္စည်းတို့ ဆေးတို့ကို တာဝန်ယူရတာ အရမ်းကို Sensitive ဖြစ်ပါတယ်။ ဒါ့ကြောင့် သေချာမှသာ ဒီတာဝန်ကို ယူရဲတာပါ။ ချစ်ငယ် ပရိသတ်ကြီးကိုရော ကိုယ့်နိုင်ငံက မိန်းကလေးတွေကိုရော ချစ်ငယ် လှစေချင်ပါတယ်” လို့လည်း ဆိုပါတယ်။

အဆိုပါ Skin Care ကို ဂျပန်နိုင်ငံမှ တာဝန်ရှိသူများရဲ့ ခွင့်ပြု ချက်နှင့်အတူ မြန်မာနိုင်ငံမှ FDA ထောက်ခံချက်များ ရရှိမှသာ  မြန်မာနိုင်ငံမှာ တရားဝင် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly