ကင်ကာဒစ်ရှန် ဓားပြတိုက်ခံရမှုအတွက် ရဲတပ်ဖွဲ့က အရေးကြီးတဲ့ သက်သေတွေ့ ရှိထားကြောင်း ပြောကြား

ကင်ကာဒစ်ရှန် ဓားပြတိုက်ခံရမှုအတွက် ရဲတပ်ဖွဲ့က အရေးကြီးတဲ့ သက်သေတွေ့ ရှိထားကြောင်း ပြောကြား

နယူးယော့ခ် ၊ အောက်တိုဘာ ၁၀ ။          ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အောက်တိုဘာ ၃ရက်က ဖြစ်ပွားခဲ့သော အမေရိကန် ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန် ဓားပြတိုက်ခံရမှုတွင် ပါဝင်ခဲ့သော မျက်နှာဖုံးစွပ် လက်နက်ကိုင် အမျိုးသားများကို ဖမ်းဆီးရေးအတွက် ပြင်သစ်ရဲတပ်ဖွဲ့သည် အရေးကြီးသော သဲလွန်စတစ်ခုကို တွေ့ရှိထားပြီဖြစ်သည်။

ကင်ကာဒစ်ရှန်တည်းခိုသော တိုက်ခန်းအပြင်ဘက်တွင် ကျကျန်ခဲ့သော ကျောက်မျက်အရိုင်းတုံးက  တရားခံများကို ရှာဖွေရာတွင်  စုံစမ်းထောက်လှမ်းသူများအတွက် အရေးကြီးသော ဒီအင်န်အေ (DNA)သက်သေအထောက်အထား တစ်ခုဖြစ်ကြောင်း မေးလ်အွန်လိုင်းတွင် ဖော်ပြထားသည်။

“ ကျောက်မျက်အရိုင်းတုံးကို ကင်ကာဒစ်ရှန် တည်းခိုခဲ့တဲ့ အခန်းအနီးမှာ တွေ့ရှိခဲ့တာပါ။ ဒီကျောက်မျက်အရိုင်းတုံးဟာ လက်နက်ကိုင်သမားတွေ ကျကျန်ခဲ့တာလို့ ယူဆရပါတယ်။လက်နက်ကိုင်သမားတွေ အလျင်လိုနေပုံကြောင့် ကျကျန်ခဲ့ပုံရတယ်”ဟု စုံစမ်းထောက်လှမ်းရေးနှင့် နီးစပ်သော  သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ကင်ကာဒစ်ရှန်သည် လုယက်ခံရသော ပစ္စည်း ၁၃မျိုးကို စာရင်းပြုစုပြီး အာမခံလျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၅ဒသမ၆သန်း တောင်းခံခဲ့ကြောင်း TMZ က အောက်တိုဘာ ၇ရက်တွင် ဖော်ပြခဲ့သည်။ လုယက်ခံလိုက်ရသော ပစ္စည်းများတွင် ခင်ပွန်းဖြစ်သူ ကာနေးဝပ်စ်ပေးထားသော အမေရိကန်ဒေါ်လာ ၄သန်း တန်ကြေးရှိ ၂၀ကာရက် စေ့စပ်လက်စွပ်လည်း ပါဝင်ခဲ့သည်။

ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သော လက်နက်ကိုင်အမျိုးသားများကို ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly