တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြီးထွားလာမည်ကို KIO စိုးရိမ်ဟု ထုတ်ပြန်

တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြီးထွားလာမည်ကို KIO စိုးရိမ်ဟု ထုတ်ပြန်

 ချင်းမိုင်၊ အောက်တိုဘာ ၉ ။          ။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှု နှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) က အောက်တိုဘာလ ၈ ရက်က ပြောဆိုလိုက်သည်။

 “အခု ကျနော်တို့ကို ထိုးစစ်ဆင်တဲ့တိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ကတော့ ဆက်ပြီးတော့မှ ဆက်လုပ်မယ်ဆိုရင်တော့ မဖြစ်သင့်တာတွေ ထပ်ဖြစ်လာမှာကို ကျနော်တို့က စိုးရိမ်နေလို့လေ။ အဲဒါကြောင့် ဖြစ်လာတာ အားလုံးကတော့ မြန်မာ့ တပ်မတော်က တာဝန်ဖြစ်တယ်”ဟု KIO ၏ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 မြန်မာ့တပ်မတော်က ယခုကဲ့သို့ စစ်ရေးဖြင့် ဖြေရှင်းနေမှုသည် ငြိမ်းချမ်းရေးကို တပ်မတော်က မလိုလားသည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

 “အခုမြန်မာ့တပ်မတော်ရဲ့ အပြုအမှုကို ကြည့်လိုက်ရင်တော့ ပြည်တွင်းစစ်က ပိုပြီး ကြီးလာမယ့် အလားအလာရှိနေလို့၊ စစ်အင်အား၊ လက်နက်အင်အားတွေ၊ စစ်ကြောင်းတွေ ကျနော်တို့ ကချင်ပြည်နယ်မှာ ထပ်တိုးလာနေလို့ ပြည်တွင်း စစ်က ပိုကြီး လာနိုင်တယ်လို့ ပြောတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

 ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်မှ KIA အမှတ် ၃ တပ်ရင်း လိုင်ဖောင်တပ်စခန်းကို တပ်မေတော်မှ ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့သလို၊ သြဂုတ်လ ၁၇ ရက်ကလည်း KIA ၏ တပ်ရင်း ၂၅၂ အင်ခရမ်းစခန်းနှင့် ဂီဂေါင်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် တပ်မတော်ဘက်မှ လေကြောင်း အပါအဝင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ယနေ့ထိပင်ဖြစ်သည်ဟု KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အစိုးရမှ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်နေချိန်တွင် မြန်မာ့တပ်မတော်မှ စစ်ရေးဖြင့် လက်ဦးမှု ရယူကာ မဟာဗျူဟာကျသော စစ်စခန်းများကို မရမနေ အင်အားသုံး ထိုးစစ်ဆင်နေခြင်းသည် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးကို ဖျက်စီးနေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIOသည် ပြည်တွင်းပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မူချမှတ်ထားသောကြောင့် မိမိတို့ဘက်မှ တပ်မတော်အား အကြောင်းမဲ့စတင် ပစ်ခတ်မှု မပြုရန် သထေားလျက်ရှိပြီး အခြားဒေသသို့ စစ်ပွဲပြန့်နှံ့သွားခြင်း မရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်း သတိထားဆောင်ရွက်နေဆဲ ဖြစ်သည်ဟု ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly