တပ်မတော်မှ ထိုးစစ်ရပ်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူ ဦးလုံဂျုံတူးရော်ကို တရားစွဲခံရ

တပ်မတော်မှ ထိုးစစ်ရပ်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူ ဦးလုံဂျုံတူးရော်ကို တရားစွဲခံရ

ချင်းမိုင်၊ အောက်တိုဘာ ၉ ။         ။ ကချင်ပြည်နယ်အတွင်းနှင့် မြန်မာတစ်နိုင်ငံလုံး တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုမှုတွင် ဦးဆောင်ခဲ့သူ ဦးလုံဂျုံတူးရော်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

 ကချင်ခရစ်ယာန် ကချင်အတိုင်ပင်ခံအဖွဲ့ဝင် အသက် ၅၇ နှစ်အရွယ် ဦးလုံဂျုံတူးရော်ကို မြစ်ကြီးနားမြို့ ရဲစခန်းမှ ရဲမှူး မြင့်သိန်းက တရားလိုအဖြစ် အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

 အောက်တိုဘာလ ၇ ရက်က ဦးလုံဂျုံတူးရော်ကို သက်ဆိုင်ရာ ရဲစခန်းမှ ခွင့်ပြုချက် မတောင်းထားသည့် ကြွေးကြော်သံ၊ ဆိုင်းဘုတ်များ ပါရှိခဲ့ခြင်းကြောင့် တရားစွဲဆိုထားကြောင်း မြစ်ကြီးနားမြို့ မြို့နယ်မှူးက တယ်လီဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဦးလုံဂျုံတူးရော်က ပြောသည်။

 “စာတော့ မပို့လာသေးဘူး။ မနေ့က မြို့နယ်မှူးက ဖုန်းနဲ့တော့ တရားစွဲဖို့ ညွန်ကြားလာတယ်လို့ ပြောလာတယ်။ စီတန်းလှည့်လည်တဲ့အခါမှာ ပိုစတာမှာရေးမယ့်စာသား၊ ပြောထားတာထက် အပိုစာသားတွေပါတယ်ပေါ့။ ကျနော်တို့က ယေဘုယျအားဖြင့်ပဲ တင်တယ်လေ”ဟု တရားစွဲခံထားရသူ ဦးလုံဂျုံတူးရော်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၆ ရက်က မြစ်ကြီးနားမြို့တွင် တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ပြည်သူလူထု ၂၀၀၀၀ က ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့မှုတွင် ဒီမိုကရေစီနည်းအရ ပြည်သူများ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဦးလုံဂျုံတူးရော်က ဆက်လက် ပြောဆိုသည်။

 “ကျနော်တို့က ဒီမိုကရေစီနည်းအရ လူထုက လုပ်လာတဲ့ကိစ္စ ကျနော်တို့က တားဆီးလို့မှ မရတာ။ လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသားခွင့်ရှိတယ်ဆိုတဲ့ဥစ္စာ။ လွတ်လပ်စွာ ပြောဆိုတဲ့ကိစ္စကို ကန့်သတ်လို့မှ မရတာ။ ကျနော်တို့ လူအများမြင် တာက အဲဒီဥပဒေက ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေလို့ပဲ မြင်ကြတာကိုး ကျနော်လည်း အဲဒီလိုပဲ မြင်တယ်။ ဒါကတော့ လက်မခံဘူးပေါ့ဗျာ”ဟု သူက ပြောသည်။

 ဆန္ဒပြရာတွင် “တပ်မတော်မှ ထိုးစစ်ရပ်ပေးပါ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပါနှင့် စစ်ရှောင် ဒုက္ခသည်များအား ကူညီပေးပါ" စသည့် ကြွေးကြော်သံနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်မည်ဟု ခွင့်ပြုချက် လျှောက်ထားခဲ့ကြောင်း သိရသည်။

 သို့သော် ရဲစခန်းတွင် ခွင့်ပြုချက် လျှောက်ထားခြင်း မရှိသော “ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ဒို့အရေး”နှင့် “တပ်မတော်မှ တိုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိ အဓမ္မပြုကျင့် သတ်ဖြတ်မှု အလိုမရှိ”ဟူသော ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 အောက်တိုဘာလ ၇ ရက်က အမှုဖွင့် အရေးယူဆောင်ရွက်မှု မှတ်တမ်းစာရွက်တွင် ရန်ကြီးအောင် ရပ်ကွက်နယ်မြေမှူး ဦးကျော်ဆွေဝင်းနှင့် မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနောင်တို့ ရှေ့တွင် ဦးလုံဂျုံတူးရော်အား တင်ပြလမ်းကြောင်း၊ ကြွေးကြော်သံ၊ ဆိုင်းဘုတ်များသာ သုံးစွဲရန် ပြောဆို သတိပေးခဲ့သည်ကို လိုက်နာဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်မှု ဖော်ပြထားသည်။

 ဦးလုံဂျုံတူးရော်အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပြုခဲ့သဖြင့် လူထု ၃၀၀၀၀ ကျော်က အောက်တိုဘာလ ၆ ရက် မြစ်ကြီးနားမြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သလို၊ အောက်တိုဘာလ ၃ ရက်ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်တွင် လူထုသောင်းချီက တိုက်ပွဲ ရပ်တန့်ရေး ဆုတောင်းဝတ်ပြုသည့် အခမ်းအနား ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly