လူ့အခွင့်အရေး ကော်မရှင်မှာ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်သင့်လဲ

လူ့အခွင့်အရေး ကော်မရှင်မှာ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်သင့်လဲ

နေပြည်တော်(အောက်တိုဘာ ၆ရက်၊ ၂၀၁၆ခုနှစ်)။                          ။ အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူအမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက်ခံရသည့်ဖြစ်စဉ်တွင် ကြားဝင်ညှိနှိုင်းပေးခဲ့သော   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ဆောင်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ လူ့အခွင့်အရေးကို အပြည့်အဝ အကာအကွယ်မပေးသော   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာအရေးယူရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်ခဲ့ရာ လွှတ်တော်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထားပြီးဖြစ်သည်။ ယင်းနောက် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နှင့် ဒေါ်မြမြတို့ (၄)ဦးအား ယင်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ   နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၆ရက်တွင် ကြေငြာချက်ထုတ်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် နုတ်ထွက်သူများ၏ နေရာတွင် အစားထိုးရာတွင်လည်းကောင်း၊ အသစ်ပြန်လည်ဖွဲ့စည်းရာတွင်လည်းကောင်း လူ့အခွင့်အရေးကော်မရှင်တွင် မည်ကဲ့သို့သော ပုဂ္ဂိုလ်များဖြင့် ထည့်သွင်းဖွဲ့စည်း သင့်သည်ကို ပြည်သူ့လွှတ်တော်အမတ်အချို့၏ အမြင်များအား မဇ္ဈိမသတင်းထောက်က အောက်ပါအတိုင်း မေးမြန်းထားပါသည်။

ဦးထွန်းထွန်းဟိန်း၊ နောင်ချိုမြို့နယ်၊ ပြည်သူ့လွှတ်တော်

ဥပဒေကို လေးစားလိုက်နာသောသူ၊ ဥပဒေကို နားလည်သောသူ၊ လူ့အခွင့်အရေးတွေကို တန်ဖိုးထားသောသူပေါ့။ နောက်ပြီးတော့ သိက္ခာသမာဓိရှိသောသူ၊ နောက်ပြီးတော့ ထင်ပေါ်ကျော်ကြားတဲ့သူလည်း ဖြစ်ဖို့လိုတယ်။

ဒေါက်တာ ခင်စည်သူ၊ လွိုင်ကော်မြို့နယ်၊ ပြည်သူ့လွှတ်တော်

အဲ့လိုပုဂ္ဂိုလ်မျိုးက အရည်အချင်းလည်း ရှိရမှာပေါ့။ အရည်အချင်းဆိုတာက ပြည်သူလူထုကို ဒုက္ခမပေးတာ။ ပြည်သူလူထုကို တစ်ကယ် လူ့အခွင့်အရေးကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရော၊ သူရဲ့ စိတ်နေစိတ်ထားရော ပြည်သူလူထုက လက်ခံတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ကတော့ အဓိကပါပဲ။

ဦးဦးလှစော၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်

အစဉ်အလာအားဖြင့်ဆိုရင် တပ်မတော်နဲ့နီးစပ်တဲ့သူတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့သူတွေ၊ နောက် ဝန်ထမ်းအရာရှိကြီးဟောင်းတွေကိုပဲ ခေါ်သုံးတာတွေ ရှိတယ်။ အဲ့တော့ ဒီဗမာပြည်မှာ လူ့အခွင့်အရေးကော်မရှင် မပေါ်ခင်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တကယ့် စွမ်းစွမ်းတမံလုပ်လာတဲ့သူတွေ ရှိတယ်။ အဲ့ဒီလူတွေက အခုလောလောဆယ်မှာ နိုင်ငံတစ်ကာတွေလည်း အသိအမှတ်ပြုထားတာ ရှိတယ်။ ခေတ်ပညာလည်း တတ်ကြတယ်။ အဲ့လိုလူမျိုးတွေကိုလည်း သုံးသင့်တယ်။ အဲ့လိုလူမျိုးတွေ ပါကိုပါသင့်တယ်။ ဘဝတစ်ခုလုံးမြှုပ်ပြီး လုပ်လာတဲ့သူတွေရှိတယ်။ အဲ့လိုလူမျိုးမထည့်ဘဲနဲ့ ဝန်ထမ်းလောကထဲက အရာရှိဟောင်းတွေ ထည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ သိပ်မကြိုက်ဘူး။

ဦးတင်သစ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်

အဓိကကတော့ ကိုယ်တိုင်လည်း လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့သူတွေ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင် စောင့်ရှောက်တဲ့လုပ်ငန်းတွေမှာလည်း အတွေ့အကြုံများတဲ့သူတွေ ပါဝင်သင့်တယ်လို့ ပြောရမှာပေါ့ဗျာ။

ဒေါ်နန်းမိုး၊ မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော်

ကျွန်မဖြစ်ချင်တာကတော့ လူ့အခွင့်အရေးကော်မရှင်ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်တစ်ရပ်ဖြစ်တယ်။ အဲ့ဒီတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ စစ်ဖြစ်ပွားတဲ့ဒေသတွေမှာဆိုရင်လည်း နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားနေရတယ်။ အသစ်ပြန်လည်ဖွဲ့စည်းရင်ပဲဖြစ်ဖြစ်၊ ဖြည့်စွက်ရင်ပဲဖြစ်ဖြစ်၊ လူစားထိုးပဲဖြစ်ဖြစ် ပြန်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံအနှံ့မှာ လက်လှမ်းမီတဲ့ တစ်ကယ်ပဲ စိတ်ဝင်စားတဲ့သူ၊ စေတနာပါတဲ့သူ၊ အရည်အချင်းရှိပြီးတော့ တစ်ကယ့် Human Rights ကို နားလည်သဘောပေါက်တဲ့သူ၊ ကိုယ်ချင်းစာတရားရှိတဲ့သူကို ရွေးပြီးတော့ ခန့်သင့်တယ်။ နောက်ပြီးတော့ ပြင်ပမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ကြိုးစားလုပ်ဆောင်နေတတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲ့လိုမျိုးသူတွေဆီကနေလည်း အကြံဉာဏ်ရယူပြီးတော့ အစားထိုးပြင်ဆင်ဖွဲ့စည်းသင့်တယ်။

ဒေါ်အေဇင်လတ်၊ ရွှေဘိုမြို့နယ်၊ ပြည်သူ့လွှတ်တော်

အသစ်ပြန်ဖွဲ့တဲ့အခါမှာတော့ လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်သင့်တဲ့သူတွေဟာ ပထမဆုံး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းတွေ၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ သေချာနားလည်တဲ့သူမျိုးတွေကို ပါစေချင်တယ်။ ဒုတိယအချက်အနေနဲ့ သေချာနားလည်တဲ့အပြင် လူ့အခွင့်အရေးကို တစ်ကယ်ရရှိအောင် ဖော်ဆောင်ပေးစေချင်တဲ့သူမျိုးတွေ ဖြစ်စေချင်တယ်။ တတိယအချက်ကတော့ လူ့အခွင့်အရေးတွေကို တစ်ကယ်ဖော်ဆောင်ပေးနိုင်တဲ့သူမျိုးတွေပေါ့။ အသစ်ဖွဲ့စည်းမယ့် လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့သူမျိုးတွေဟာ ဒီသုံးချက်နဲ့ကိုက်ညီမယ်ဆိုရင် သူတို့ရဲ့တာဝန်ဝတ္တရာတွေကို ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင်နိုင်ဖို့ တော်တော်လေးနီးစပ်သွားပြီလို့ သုံးသပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly