အလုပ်ဗီဇာမရှိဘဲ လာအလုပ်လုပ်သည့် နိုင်ငံခြားသားများကို ဂုတ်ဆွဲပြီး ရဲလက်အပ်ဖို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

အလုပ်ဗီဇာမရှိဘဲ လာအလုပ်လုပ်သည့် နိုင်ငံခြားသားများကို ဂုတ်ဆွဲပြီး ရဲလက်အပ်ဖို့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

ရန်ကုန်၊ အောက်တိုဘာ ၆ ။                   ။ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို တွေ့ရှိရပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ "ရန်ကုန်တိုင်း   ဒေသကြီးအတွင်း လာရောက် လုပ်ကိုင်နေသော နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့် တရားဝင်ရှိ/မရှိ ၊ ဝင်ငွေခွန်ပေးဆောင်နိုင်ခြင်း ရှိ/မရှိ "မေးခွန်းကို ပြန်လည်ဖြေဆိုရာတွင် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

"ဒီလူဟာ တရားမဝင် ဘာမှ ဗီဇာမရှိဘဲနေရင် ပြည်သူမှာလည်း တာဝန်ရှိတယ်။ သူ့ကို ဂုတ်ဆွဲပြီး ရဲလက် အပ်ပေးရမယ်။ ကိုယ်တိုင် မဖမ်းနိုင်ရင်လည်း သတင်းပေးပါ" ဟု ဦးဇော်အေးမောင်က   ပြောသည်။

မေးခွန်းမေးမြန်းခဲ့သူ ဦးသန်းနိုင်ဦးက အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့် ဗီဇာဖြင့် လာရောက်လုပ်ကိုင်နေခြင်း မဟုတ်ဘဲ Social Visa ဖြင့်သာ လာရောက်လုပ်ကိုင် သူများသာ ဖြစ်ပြီး လူ ဦး ရေ ထောင်ကျော်အထိ ရှိနေကြောင်း လွှတ်တော်အပြီး မီဒီယာများဖြင့် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။

"အလုပ်အကိုင် အခွင့်အလမ်းဟာ ကျွန်တော်တို့ လူမျိုးအတွက် မရနိုင်တဲ့ကြားထဲကမှ သူတို့တွေက ဒီလိုမျိုး လုပ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးတယ်။ ကျွန်တော်တို့   နိုင်ငံသားရမယ့် ဟာကို မရဘူး ၊ ဒါကို ကျွန်တော်တို့က ထောက်ပြချင်တာ" ဟု ဦးသန်းနိုင်ဦး က ပြောသည်။

လက်ရှိ တရားဝင်စာရင်းအရ နိုင်ငံခြားသား ၃၈၂၈ ဦး ရန်ကုန်တိုင်းထဲတွင် အထောက်အထားနှင့် နေထိုင် အလုပ်လုပ်နေကြောင်း ဦးဇော်အေးမောင် ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly