“Joanne” တေးအယ်လ်ဘမ်က ဘဝကို လွှမ်းမိုးထားသော အမျိုးသားများ အကြောင်း ရေးဖွဲ့ထားခြင်းဖြစ်ဟု လေဒီဂါဂါပြော

“Joanne” တေးအယ်လ်ဘမ်က ဘဝကို လွှမ်းမိုးထားသော အမျိုးသားများ အကြောင်း ရေးဖွဲ့ထားခြင်းဖြစ်ဟု လေဒီဂါဂါပြော

နယူးယော့ခ် ၊ အောက်တိုဘာ ၆ ။              ။ ပေါ့ကြယ်ပွင့် လေဒီဂါဂါ၏ “Joanne” တေးအယ်လ်ဘမ်သည် ၎င်း၏ဘဝကို လွှမ်းမိုးထားသော အမျိုးသားများ အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်ကြောင်း အထူးသဖြင့် ၎င်း၏ စေ့စပ်ထားသူဟောင်း တေလာကင်နီအကြောင်းကို ရေးဖွဲ့ထားသည်။

အသက်၃၀ နှစ်အရွယ်ရှိ လေဒီဂါဂါသည်  မင်းသားတေလာကင်နီ နှင့် ငါးနှစ်ကြာ တွဲခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ လေဒီဂါဂါက “Joanne”   တေးအယ်လ်ဘမ် တွင် စေ့စပ်ထားသူဟောင်း တေလာကင်နီအကြောင်းလည်း ပါဝင်သည့်အပြင် ဖခင်ဖြစ်သူ အကြောင်းလည်း ပါဝင်ကြောင်း လေဒီဂါဂါက ပြောကြားခဲ့သည်။

“ ခင်ဗျားတို့ ဒီတေးအယ်လ်ဘမ်ကို နားထောင်တဲ့အခါ ကျွန်မ ဘဝကို လွှမ်းမိုးထားတဲ့ အမျိုးသားတွေ အကြောင်းကို ရေးဖွဲ့ထားတယ်ဆိုတာ သိပါလိမ့်မယ်။ ကျွန်မ လိမ္မာတဲ့ မိန်းကလေးတစ်ယောက် အမြဲတမ်းလိုလို ဖြစ်ချင်ပါတယ်။ဂျိုအန်းဟာ အဲ့လိုလိမ္မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်”ဟု လေဒီဂါဂါက  The Mirror Online ကို  တေးအယ်လ်ဘမ်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

“တေးသီချင်း ကနေတစ်ဆင့် ကျွန်မဘဝရဲ့ ဒီချစ်သံယောဇဉ် အကြောင်းတွေ အကုန်လုံးကို ဖွင့်ချလိုက်တာပါ။ ကျွန်မမှာ အဲ့လို ဆိုဆုံးမရခက်တဲ့ အကျင့်ဆိုး တစ်ခုရှိတယ်။ ကျွန်မအဖေ အမြဲတမ်းဒေါသ ထွက်ရတယ်။ အဖေဟာ သူရဲ့ညီမ သေဆုံးပြီးနောက်မှာ အရက်တွေ သောက်လာတယ်။ ကျွန်မက ဒီတေးအယ်လ်ဘမ် ကတစ်ဆင့် အဖေကို နားလည်ပေးဖို့ ကြိုးစားနေတယ်။ ကျွန်မချစ်တဲ့ အမျိုးသားတွေ အကုန်လုံးဟာ ဘာကြောင့် အရည်ချင်းမရှိတဲ့သူတွေ ဖြစ်နေရတာလဲ ဆိုတာကို နားလည်ဖို့လည်း ကြိုးစားနေတယ်”ဟု ဂါဂါက ပြောကြားသည်။

“ ဒီတေးအယ်လ်ဘမ်ဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ တေးအယ်လ်ဘမ် တစ်ခုမဟုတ်ပါဘူး။အမျိုးသမီးတစ်ယောက် အနေနဲ့ ကျွန်မရဲ့အကြောင်းကို ထုတ်ဖော်ပြောကြားတဲ့   တေးအယ်လ်ဘမ် တစ်ခုဖြစ်ပါတယ်” ဟု ဂါဂါက ပြောကြားသည်။

“Joanne” တေးအယ်လ်ဘမ်သည် လေဒီဂါဂါ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ဖြန့်ချိသွားမည်ဖြစ်သည်။ တေးအယ်လ်ဘမ်၏ နာမည်သည်  လေဒီဂါဂါ ဖခင်၏ ညီမဖြစ်သူ ဂျိုအန်းဂျာမန်နော့တာ နာမည်ကို ပေးထားခြင်းဖြစ်သည်။ ဂျိုအန်းသည် အသက် ၁၉ နှစ် အရွယ်တွင် lupus ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly