သမ္မတ အိုဘားမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု အကြောင်းကို ဆွေးနွေးခဲ့တဲ့ လီယိုနာဒို

သမ္မတ အိုဘားမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု အကြောင်းကို ဆွေးနွေးခဲ့တဲ့ လီယိုနာဒို

နယူးယော့ခ် ၊ အောက်တိုဘာ ၅ ။            ။ ဟောလိဝုဒ် မင်းသား လီယိုနာဒိုသည် သမ္မတ ဘားရက်အိုဘားမား ၊ ကမ္ဘာ့လေထုသိပ္ပံပညာရှင် ကက်သရင်းဟေဟိုးတို့နှင့်အတူ အိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သော South by South Lawn ( SXSL) ဟုအမည်ပေးထားသောညှိနှိုင်းဆွေးနွေးပွဲတွင် ကမ္ဘာကြီးပူနွေးလာမှုအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

 “ ကျွန်တော်တို့ဟာ ရာသီဥတုပြောင်းလဲမှုကို ယုံကြည်တဲ့ ခေါင်းဆောင်များ ဖြစ်ရမှာဖြစ်သလို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ အတွက်လည်း ဆန္ဒရှိရမှာဖြစ်ပါတယ်”ဟု လီယိုနာဒိုက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အိုဘားမားက အမေရိကန်အစိုးရအဖွဲ့သည် စွမ်းအင်သန့် စင်မှုတွင် ရင်းနှီးမြှပ်နှံခြင်း ၊ လေစွမ်းအင် နှင့်ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်လုပ်ဆောင်ခြင်း နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောနိုင်ငံများသည် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန် သင့်လျော်သောလုပ်ငန်းစဉ်များကို လုပ်ဆောင်မည့်  Paris သဘောတူစာချုပ်ကို စတင်လုပ်ဆောင်နေမှုအပါအဝင် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ယခုအချိန်ထိ လုပ်ဆောင်နေကြောင်း ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။

“ ကျွန်တော်တို့ လွန်ခဲ့တဲ့ ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်က ပြောခဲ့တဲ့ ကြိုတင်ခန့်မှန်းမှုတွေထက် ရာသီဥတုပြောင်းလဲမှုတွေဟာ အလျင်အမြန် ဖြစ်ပေါ်နေပါတယ်။” ဟု အိုဘားမားကပြောကြားသည်။

ဆွေးနွေးပြောကြားမှုများအပြီးတွင် ရာသီဥတုပြောင်းလဲမှုများအကြောင်းကို ရိုက်ကူးထားသော လီယိုနာဒို၏ “Before the Flood” ရုပ်ရှင်ကားကို ထုတ်လွှင့်ပြသခဲ့သည်။ရုပ်ရှင်ကားကို အောက်တိုဘာ ၂၁ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်ပြီး အောက်တိုဘာ၃၀ရက်တွင် National Geographic ရုပ်သံလိုင်းမှတစ်ဆင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly