ဓားပြတိုက်ခံရသူ ရုပ်သံကြယ်ပွင့် Kim Kardashian က သူသည် မုဒိမ်းပါ ကျင့်ခံရလိမ့်မည်ဟု ထင်ကာ အလွန်စိုးရိမ်ခဲ့ရကြောင်းပြော

ဓားပြတိုက်ခံရသူ ရုပ်သံကြယ်ပွင့် Kim Kardashian က သူသည် မုဒိမ်းပါ ကျင့်ခံရလိမ့်မည်ဟု ထင်ကာ အလွန်စိုးရိမ်ခဲ့ရကြောင်းပြော

အမေရိကန် အမျိုးသမီးရုပ်သံကြယ်ပွင့် Kim Kardashian အား ပဲရစ်မြို့တွင် မျက်နှာဖုံးစွပ် သေနတ်သမားများက ဓားပြတိုက်ခဲ့ရာတွင် ကနဦး၌ သူသည် မုဒိမ်းပါ ကျင့်ခံရလိမ့်မည်ဟု ထင်မြင်ကာ ပိုမိုစိုးရိမ်ထိတ်လန့် ခဲ့ရကြောင်း သူနှင့် နီးစပ်သူများက ပြန်လည် ပြောပြခဲ့ကြသည်။

သူ၏ နှစ်ထပ်တိုက်ခန်း လှေကားမှ ဘွတ်ဖိနပ်သံများ ကြားသောအခါတွင် Kim သည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေချိန်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောခဲ့ကြသည်။

မျက်နှာဖုံးစွပ် အမျိုးသား အနည်းဆုံး တစ်ဦး နှင့် ရဲတပ်ဖွဲ့ ဦးထုပ်ဆောင်းထားသော အခြားသူတစ်ဦး မှန်တံခါးမှ ဝင်ရောက်လာသည်ကို မြင်လိုက်သောအခါတွင် Kim သည် တစုံတရာ မှားယွင်းနေကြောင်း သိလိုက်ပြီး အိပ်ရာပေါ်မှ လူးလဲထကာ သူ၏ လက်ကိုင်ဖုန်းဖြင့် သက်တော်စောင့်ဆီ ဖုန်းဆက်ရန် ကြိုးပမ်းခဲ့ကြောင်း Kim နှင့် နီးစပ်သူများက ဆိုကြသည်။

သက်တော်စောင့်၏ ဖုန်းနံပါတ်ကို နှိပ်နေဆဲမှာပင် သေနတ်သမားတစ်ဦးက သူ့လက်ထဲမှ ဖုန်းကို ဆွဲလုခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် သေနတ်သမားများက သူ့အား ချုပ်နှောင်လိုက်ကြသည်။

သေနတ်သမားများက သူ့အား၊ ချုပ်နှောင်လျက်အနေအထားဖြင့် ရေချိုးဇလုံထဲတွင် ထည့်လိုက်ကြသည်။ Kim သည် ကြောက်လန့်တကြားဖြင့် စတင် အော်ဟစ်ကာ၊ သူ့တွင် ကလေးများ ရှိသဖြင့် မသတ်ကြရန် အသနားခံခဲ့သည်။ သူ့တွင် ငွေများရှိကြောင်း နှင့် ဓားပြများ အနေဖြင့် ကြိုက်သည့် ပစ္စည်းဥစ္စာများကို ယူသွားနိုင်ကြောင်းလည်း ပြောခဲ့သည်။

ဓားပြများမှာ ပြင်သစ်စကားကိုသာ ပြောကြကြောင်း Kim က ရဲများကို ပြောပြခဲ့သည်ဟု ဆိုသည်။ ဓားပြများ ပြောခဲ့ကြသည့် စကားများ အနက် သူနားလည်သည်မှာ “လက်စွပ်” ဆိုသည့် စကားလုံးသာ ရှိကြောင်း Kim က ဆိုခဲ့သည်။ Kayne ဆီမှ ရရှိခဲ့သည့် လက်စွပ်အသစ်ကို ဓားပြများ လိုချင်နေကြခြင်း ဖြစ်ကြောင်း Kim က သိလိုက်သည်ဟု ဆိုသည်။ ထိုလက်စွပ်မှာ တိုက်ခန်းထဲတွင် ရှိကြောင်း Kim က ပြောလိုက်ရသည်။

ထို့နောက်တွင် Kim သည် အသနားခံရင်း ဆက်လက် ငိုကြွေးနေသဖြင့် ဓားပြများက သူ၏ ပါးစပ်ကို တိပ်ဖြင့် ပိတ်လိုက်ကြသည်။

ထိုအချိန်တွင် Kim ၏ အမျိုးသမီး မိတ်ဆွေတစ်ဦးဖြစ်သူ Simone မှာ ထိုတိုက်ခန်းတွင် ရှိနေခဲ့ကာ၊ အောက်ထပ်မှ အိပ်ခန်းထဲတွင် အိပ်နေခဲ့ခြင်း ဖြစ်သည်။ Simone သည် ရုတ်ရုတ်သဲသဲ အသံများကို ကြားသောအခါတွင် အောက်ထပ်ရှိ ရေချိုးခန်းထဲတွင် ပုန်းအောင်းရင်း Kim ၏ သက်တော်စောင့်ဖြစ်သူ Pascalအား ဖုန်းဆက်ကာ တစုံတရာ ဆိုးဆိုးရွားရွား မှားယွင်းနေသဖြင့် အမြန်ဆုံး လာရန် ပြောခဲ့သည်။

သက်တော်စောင့် Pascal သည် ဓားပြများ ထွက်ခွာသွားအပြီး နှစ်မိနစ် အကြာမှ ရောက်လာခဲ့သည်။

သေနတ်သမားများသည် ယူရိုငွေ ငါးသန်း မှ ခြောက်သန်းခန့် တန်ဖိုးရှိသော လက်ဝတ်ရတနာများပါသည့် ရတနာ သေတ္တာ နှင့် ယူရိုလေးသန်းတန် လက်စွပ်တစ်ကွင်းတို့ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly