အိုင်ဒေါ(Idol) တွေနဲ့ အတူ အိမ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့ ကောင်းကောင်း

အိုင်ဒေါ(Idol) တွေနဲ့ အတူ အိမ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့ ကောင်းကောင်း

အောက်တိုဘာ ၃၊ ရန်ကုန်။           ။ မုန်းတယ်…..အချစ်အတု လို့ အမည်ပေးထားတဲ့ Audio စီဒီကို တေးရေး တေးဆို ကောင်းကောင်းက ၎င်းရဲ့ အိုင်ဒေါတွေနဲ့ အတူသီချင်းခွေလုပ်ချင်တဲ့ စိတ်ကူးအိပ်မက်အတွက် စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တေးအမ်လ်ဘမ်ကို စီစဉ်သူ ကောင်းကောင်းက “ ကျွန်တော်ရဲ့ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ စီနီယာ အစ်ကို အစ်မတွေ နောက်ပြီးတော့ ကျွန်တော့်ရဲ့ အိုင်ဒေါ တွေနဲ့ အတူ အခွေလေး လုပ်ဖို့ စိတ်ကူးရှိတာ အစကတည်းကပါ။ အခုလို သူတို့ သီချင်းတွေ အတူ လုပ်ခွင့်ရဖို့ဆိုတာကလည်း ကျွန်တော့် အိပ်မက်ပါ။ ဒါ့ကြောင့် ကျွန်တော့်အိပ်မက်တွေ အကောင်အထည်ပေါ်လာတာ အရမ်း ဝမ်းသာပါတယ်။” လို့ ပြောပါတယ်။

တေးသံရှင် ရှစ်ယောက်နဲ့ အတူ သီချင်း ဆယ့်နှစ်ပုဒ်ပါဝင်မယ့် အဆိုပါ တေးစီးရီးအယ်လ်ဘမ်ကို တစ်နှစ်ကျော်ကြာ အချိန်ယူစီစဉ်ခဲ့ကြောင်းနှင့် ၎င်းကိုယ်တိုင် တေးသီချင်း ၇ပုဒ် ရေးသားပြီး သုံးပုဒ် ပါဝင်သီဆိုပေးထားကြောင်းလည်း သိရပါတယ်။

မုန်းတယ်…အချစ်အတု Audio CD ကို MTV အဖြစ် ရိုက်ကူးမည့် အကြောင်းကိုတော့ ကောင်းကောင်းက “ ကျွန်တော် MTV ကို လိုက်ဖ်ရှိုးပဲ ရိုက်ဖြစ်ပါမယ်။ မကြာခင်တော့ စရိုက်ပါ့မယ်။ နှစ်လ သုံးလ လောက်တော့ အချိန်ယူရယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တေးသံရှင်ကောင်းကောင်းက ၎င်းရဲ့ ဒုတိယ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ ညီမျှခြင်း ကို MTV အဖြစ် ရိုက်ကူးပုံဖော်နေပြီး ယခု မုန်းတယ်….အချစ်အတု လို့ အမည်ပေးထားတဲ့ တေးအမ်လ်ဘမ်ကိုတော့ ကိုယ်တိုင်စီစဉ်ပြီး ပါဝင်သီဆိုခဲ့တာဖြစ်ပါတယ်။

နာမည်ကျော် တေးသံရှင်များဖြစ်ကြတဲ့ ဇော်ပိုင်၊ R ဇာနည် ၊ ကောင်းကောင်း၊ ဒီဖြိုး၊ Leo ဘိုဘို၊ Neon၊ ဖြူဖြူကျော်သိန်း နှင့် အိုင်းရင်းဇင်မာမြင့်တို့မှ ပါဝင်သီဆိုထားပြီး တေးသီချင်းပုံမျိုးစုံနဲ့ အတူ ခံစားမှု အသစ်တွေကိုပါ ရရှိခံစားနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရပါတယ်။

အဆိုပါ မုန်းတယ်….အချစ်အတု တေးအမ်လ်ဘမ်ကို The Sun Music Production က ဖြန့်ချိမှာ ဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ထွက်ရှိမှာ ဖြစ်ပြီးတော့ တေးစီးရီး မိတ်ဆက်ပွဲကိုတော့   အောက်တိုဘာ ၄ ရက်နေ့က ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly