လူအခွင့်အရေးကော်မရှင် ကိစ္စ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သုံးသပ်ချက်တောင်းခံထားဟုဆို

လူအခွင့်အရေးကော်မရှင် ကိစ္စ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သုံးသပ်ချက်တောင်းခံထားဟုဆို
ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။              ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကိစ္စကို နိုင်ငံတော်သမ္မတရုံးအနေဖြင့် ဆုံးဖြတ်ရာတွင် ဥပဒေ ကြောင်းအရ အကြံဉာဏ်ပေးနိုင်ရန်   ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ သုံးသပ်ချက် တောင်းခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။

ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး တင်ပြရန် သမ္မတရုံးက စာထုတ်ပြီး ကော်မရှင်ထံသို့ တောင်းဆိုထားကာ ယခုလက်ရှိတွင် သမ္မတရုံးသို့ တင်ပြချက် ရောက်ရှိလာပြီဖြစ်ပြီး သမ္မတရုံးက ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များအတွက် ကော်မရှင်တင်ပြချက် ၊ ရှေ့နေချုပ်ရုံးက အကြံပြုချက်များအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

" ရှေ့နေချုပ်ရုံးက ဥပဒေအကြံပြုချက်တောင်းထားတယ်။ အဲ့ဒါရပြီဆိုရင် လူအခွင့်အရေးဆောင်ရွက်ချက် အစီရင်ခံစာနဲ့ အဲ့ပေါ်မှာ မူတည်ပြီးတော့ ဆက်လက်စဉ်းစားဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလော လော ဆယ်တော့ မပြီးသေးဘူးပေါ့"ဟု ဦးဇော်ဌေးက ပြောသည်။

လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အ ချို့အား ထိရောက်စွာအရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်က စက်တင်ဘာ ၂၆ ရက်နေ့တွင် အတည်ပြုထားပြီးဖြစ်သော်လည်း ကော်မရှင် အဖွဲ့ဝင်များကို မည်သို့ အရေးယူမည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။

အဆိုပါ ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက “နစ်နာသူများအား ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း” ဟု လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၆၂ တွင် ပေးအပ်ထားသော တာဝန်များကို သ ဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ သဘောထား မှတ်ချက်ပေးခြင်းနှင့် ထင်မြင်ချက်ပေးခြင်းတို့အတွက် ကော်မ ရှင် ကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ၊ ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူကိုဖြစ်စေ ပြစ်မှုကြောင်း အရ သော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

သို့ရာတွင် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်များအား တာဝန်မှရပ်စဲနိုင်သည်ဟုလည်း အဆိုပါ ဥပဒေပုဒ်မ ၁၈ တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly