အများပိုင်ယာဉ်စနစ်တွင် ၂၀၀၆ မော်ဒယ်အောက်ယာဉ်များ အကန့်သတ်ဖြင့် ပါဝင်ခွင့်ပြုမည်

အများပိုင်ယာဉ်စနစ်တွင် ၂၀၀၆ မော်ဒယ်အောက်ယာဉ်များ အကန့်သတ်ဖြင့် ပါဝင်ခွင့်ပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။               ။ အောက်တိုဘာလတွင် ပြောင်းလဲပြေးဆွဲရန်စီစဉ်နေသည့် အများပိုင်ယာဉ်လိုင်းများတွင် ၂၀၀၆ မော်ဒယ်အောက် ဘတ်စ် ကားများအနေဖြင့် အကန့်သတ်ဖြင့် ပါဝင် ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောသည်။

“အသွင်ကူးပြောင်းရေးကာလမှာ ကားအသစ်ကလည်း အများကြီးဝယ်လို့မရဘူး သူတို့ကို စဉ်စားပေးမယ်ပဲပြောထားတာလေ ပါဝင်ခွင့်မရတာတော့မဟုတ်ဘူး။ စံကတော့ ၂၀၀၆ မော်ဒယ်အထက်ဖြစ်ရမယ်။ သူတို့ပါဝင်ခွင့်ရမယ်ဆိုတာ အကန့်အသတ်နဲ့ပဲဖြစ်မှာ။ နှစ်တစ်ခု သူတို့ကိုပေးလိုက်မယ်လေ တဖြည်းဖြည်းအစားထိုးပေါ့ ဒီလိုပဲဖြစ်မှာပေါ့ အကန့်အသတ်နဲ့ ” ဟု ၎င်းကပြောသည်။

၂၀၀၆ မော်ဒယ်အောက် ယာဉ်များ အများပိုင်စနစ်၌ ပါဝင်နိုင်ရေးအတွက်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှသိရသည်။

သို့သော်လည်း ဘီအမ်ကားများသည် အများပိုင်စနစ်တွင် လုံးဝပါဝင်နိုင်မည်မဟုတ်ကြောင်း ဒေါက်တာမောင်အောင်က ဆက်လက်ပြောဆိုသည်။

မော်ဒယ်နိမ့် BM, Dyna, Canter, City Bus ဟောင်းများအား အဆင့်လိုက် လဲလှယ်စေပြီး ဗဟိုအစိုးရနှင့် ညှိနှိုင်း၍ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များက စက်တင်ဘာလ ၁ဝရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီမှတ်တိုင်အနီးရှိ Apple Cake and Coffee ဆိုင်တွင် ပြုလုပ်သည့် အများပိုင်ယာဉ်လိုင်းများဖွဲ့စည်းမှုတွင် ပါဝင်လိုသော စစ်ကျန် ဘတ်စ်၊ ဟိုင်းလပ် အစားထိုး ယာဉ်ပိုင်ရှင်များ၏ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။

အများပိုင်ကုမ္ပဏီယာဉ်လိုင်း တစ်လိုင်းလျှင် ခရီးသည်တင်ယာဉ် အစီးရေ အနည်းဆုံး ၂၀၀ ထားရှိရန် သတ်မှတ်မည်ဖြစ်ပြီး ၂၀၀၆ မော်ဒယ်နှင့် အထက်ယာဉ်များက ရန်ကုန်မြို့တွင်း အဓိက လမ်းမကြီး ၂၀ ကို အများပိုင် ကုမ္ပဏီများက တာဝန်ယူပြေးဆွဲ ရမည်ဖြစ်သည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်ပြေးဆွဲမှုကို ပြန်လည်စိစစ်ရာတွင် လက်ရှိစီမံအုပ်ချုပ်နေသော မထသကို ဖျက်သိမ်းပြီး လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်း ၃၀၀ ကျော်မှ ၅၀ အဖြစ် စုစည်းဆောင်ရွက်၍ ပြေးဆွဲ မောင်းနှင်နေသည့် မော်ဒယ်နိမ့် ကားအဟောင်းများကို နယ်မြို့များသို့ ရောင်းချရန်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly