ဦးအောင်သောင်း စကားမပြောနိုင်သေး

ဦးအောင်သောင်း စကားမပြောနိုင်သေး

နေပြည်တော်၊ ဇူလိုင် ၁၄ ။    ။ ဦးနှောက်သွေးကြောပေါက်ပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားသဖြင့် စင်္ကာပူနိုင်ငံ တွင်ဆေး ကုသမှုခံယူနေရ သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှာ လက်ရှိအချိန်တွင် စကားပြောနိုင်ခြင်း မရှိသေးဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောသည်။

ဦးအောင်သောင်း၏ သား၊ သမီးများနှင့် တယ်လီဖုန်းအဆက်အသွယ်ရှိသူ ဦးဝင်းမြင့်က “လက်ညိုးထောင်ပြရင် ဒါလက်ညိုးလား ဆိုရင် လက်ညိုးပေါ့။ သူမှန်မှန်ကန်ကန်ဖြေနိုင်တယ်။ အဲ့အဆင့်တော့ ရောက်နေပြီ။ စကားတော့ ကောင်းကောင်းပြောလို့မရဘူး” ဟု ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေကို ပြောပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ် သူဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွား သဖြင့်နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ ဇူလိုင် ၉ရက် ညနေပိုင်း တွင် သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။

ဦးနှောက်သွေးကြောပေါက်ကာ သွေးယိုခဲ့သည့် ဦးအောင်သောင်းမှာ သွေးမယိုအောင် အကြီးစား ခွဲစိတ်ကုသမှု ခံယူထား ပြီးဖြစ်သော်လည်း “အရင်လိုတော့ သူပြင်းပြင်းထန်ထန်အလုပ်တွေ မလုပ်နိုင်တော့ဘူး” ဟု ဦးဝင်းမြင့်က သုံးသပ်ပြောဆိုသည်။

မြင်းခြံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်သည် ဦးအောင်သောင်းနှင့် အနေနီးစပ်သူတစ်ဦးလည်းဖြစ်ပြီး “သူဟာ ကျန်းမာရေးအင်မတန်ဂရုစိုက်တဲ့လူပါ။ ညဘက်ဆိုရင် ကိုးနာရီလောက်ဆို ပုံမှန်အိပ်တယ်” ဟု ဦးဝင်းမြင့်က ပြောပြသည်။

ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ပါတီအလုပ်များကို ယခင်ကအတိုင်း ပြန်မလုပ်နိုင်သည့်တိုင်အောင် ဦးအောင်သောင်းအား ဗဟိုအတိုင်ပင်ခံအဖြစ်သာ ဆက်လက်ထားရှိရန် ပါတီက စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly