မွေးနေ့မှာ ဒုတိယ တစ်ကိုယ်တော်အခွေ ထွက်မယ့် ဇွဲပြည့်

မွေးနေ့မှာ ဒုတိယ တစ်ကိုယ်တော်အခွေ ထွက်မယ့် ဇွဲပြည့်

အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ တေးအမ်လ်ဘမ် နဲ့  ပရိသတ်ကြားထဲ ရေပန်းစားခဲ့တဲ့ အဆိုတော် ဇွဲပြည့်က သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို နိုဝင်ဘာ ၃၀မှာ ကျရောက်မယ့် မွေးနေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

‘ ဒုတိယမြောက် တစ်ကိုယ်တော်ေ တးစီးရီးကိုတော့ ကျွန်တော့်မွေးနေ့မှာ ထွက်နိုင်အောင် စီစဉ်နေပါတယ်။ ကျွန်တော့်မွေးနေ့ကတော့ နိုဝင်ဘာ ၃၀ ရက်ပါ။ ကျွန်တော် အနုပညာအလုပ်တွေ ဆက်တိုက် ပြန်လုပ်နေပြီမို့ အားပေးကြပါဦး’ လို့ ဇွဲပြည့်က ပြောပါတယ်။

အဆိုပါအခွေမှာ တေးသီချင်း ဆယ်ပုဒ်ပါဝင်မှာဖြစ်ပြီး နာမည်ကြီး တေးသီချင်းအဟောင်းတွေကိုလည်း ထည့်သွင်း သီဆိုထားတယ်လို့ သိရပါတယ်။ Featuring အဖြစ် အောင်ထက်၊ ဝိုင်းစုခိုင်သိန်းနဲ့ အိမ့်ချစ်တို့လည်း ပါဝင်ကူညီ သီဆိုပေးထားပါတယ်။ ‘ကျွန်တော်ဒီအခွေလေးကိုတော့ နာမည်မပေးရသေးပါဘူး၊ ပေးဖြစ်ရင်တောင် ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းဟောင်းလေးတွေထဲက ပေးဖြစ်မှာပါ’ လို့ ထပ်မံပြောပါတယ်။

အဆိုတော်ဇွဲပြည့်က ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဗီဒီယိုဇာတ်ကားမှာ ပါဝင်ကူညီသရုပ်ဆောင်ထားပြီး သြဂုတ်လမှာတော့ ၎င်းရဲ့ တေးစီးရီးခေါင်းစဉ်ဖြစ်တဲ့ ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့’ ဗီဒီယိုဇာတ်ကားမှာတော့ မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေအတွက် လာရောက်ကမ်းလှမ်းထားတာမျိုး ရှိပေမယ့် သီချင်းအဆိုဘက်အပိုင်းကို အားထုတ်ချင်တာမို့ ကားရိုက်တွေနားထားတာ ဖြစ်တယ်လို့ ဇွဲပြည့်က ပြောပါတယ်။

တေးသံရှင်ဇွဲပြည့်က ‘ ကျွန်တော့်ကို ဒီထက်မကတဲ့နေရာလေးတစ်ခုရအောင်ဆက်လက်အားပေးပါ၊ အခုဆိုလည်း ကျွန်တော်ခရီးတွေထွက်ပြီး သီချင်းတွေ ပြန်ဆိုနေပါတယ်။ ကျွန်တော်လည်း အများကြီးကြိုးစားနေပါတယ်’ လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly