အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဦးဆောင်ရန် ၉ ဦးကော်မတီဖွဲ့စည်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဦးဆောင်ရန် ၉ ဦးကော်မတီဖွဲ့စည်း

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။                   ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းနိုင်ရေး ပြဌာန်းချက်များ သတ်မှတ် အကောင်အထည်ဖော်ရန် စက်တင်ဘာ ၁၆၊ ၁၇ တွင် ရန်ကုန်မြို့၌ နှစ်ရက် ကြာဆွေးနွေးခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းဝေးမှ ၉ ဦးပါကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။

"ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးရေးကော်မတီ (UPDJC)  မှာသာ ဆုံးဖြတ်နိုင်တာဖြစ်ပြီး ယခုကျင်းပသည့် အစည်းဝေးက မူဘောင်တွကို ပြန်လည် သုံးသပ်ပြီး အမျိုသားအဆင့်နိုင်ငံရေးဆွေး ပွဲကျင်းပနိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်" ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား KNU မှ ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁၇ရက်က ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC)တွင် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြန်လည်သုံးသပ်သည့် အစည်းဝေး ၅ကြိမ်မြောက် ဒုတိယနေ့အပြီး ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၉ဦးကော်မတီတွင် အစိုးရဘက်က  ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေနှင့် တပ်မတော်ဘက်ကတစ်ဦး ပါဝင်သည်။ တိုင်းရင်းသားလက်နက်ကိုင် EAO ဘက်မှမူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊  ရဲဘော်ညွန့်ဝင်းနှင့် ခွန်မင်းထွန်း တို့ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်မှ တအောင်း(ပလောင်) အမျိုးသားပါတီမှ တာလှဖေ၊ စိုင်းကျော်ညွန့် နှင့် ဦးကျော်ဇေယျာဦး တို့ပါဝင်သည်။

လာမည့် အောက်တိုဘာလတွင် ထပ်မံကျင်းပရန်ရှိသည့် ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန်အချက်များကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ ရယူသွားမည်ဖြစ်သည်။

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များအစုဖွဲ့နှင့် နိုင်ငံရေပါတီများအစုအဖွဲ့တို့ ၃ဦးစီပါဝင်ဖွဲ့စည်းလိုက်သည့် ကောင်စီသည် အမျိုးသားညီလာခံကျင်းပနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ မြေယာ၊ လုံခြုံရေး စသည့်ကိစ္စများနှင့်ပက်သက်ပြီး မည်သည့်အချိန်တွင် မည်ကဲသို့ ဆွေးနွေးရမည်ကို တင်ပြကြမည်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ စနစ်တကျ မဆောင်ရွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲက ဇဝေဇဝါဖြစ်သွားနိုင်တယ်။ အဲ့တာကြောင့် အခုကျွန်တော်တို့ ကျင်းပတဲ့အစည်းဝေးရဲ့ အဓိကအရေးကြီးတဲ့အချက်တစ်ချက်ထဲမှာ ဒီကော်မတီဖွဲ့စည်းတာက အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်။ ဒီကော်မတီမှာပဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်ကိစ္စ ပြီးတော့ တခြားအကြောင်းအရာတွေလည်းပါမယ်" ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းဝေးကို အစိုးရဘက်မှကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့မှကိုယ်စားလှယ်များ၊ ဆွေးနွေးညှိနှိုင်းရေး အလုပ်အဖွဲ့ (CT)နှင့် မိုင်းလားကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်များတတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags