Fifty Shades နောက်ဆက်တွဲ နမူနာဗီဒီယို (၂၄) နာရီအတွင်း အကြိမ်ပေါင်း သန်း (၁၁၄) ကျော် ကြည့်ရှုခံရ

Fifty Shades နောက်ဆက်တွဲ နမူနာဗီဒီယို (၂၄) နာရီအတွင်း အကြိမ်ပေါင်း သန်း (၁၁၄) ကျော် ကြည့်ရှုခံရ
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fifty Shades of Grey ရဲ့ နောက်ဆက်တွဲ Fifty Shades Darker ဇာတ်ကားနမူနာကို စက်တက်ဘာ ၁၅ ရက်နေ့က စတင်ပြသခဲ့ရာ ၂၄ နာရီအတွင်း အကြိမ်ပေါင်း (၁၁၄) သန်း ကြည့်ရှုခြင်းခံရပြီး စံချိန်တင်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှာ ကြည့်ရှုမှု အကြိမ်ပေါင်း (၃၉.၄) သန်း၊ ဗြိတိန်မှာ (၁၈.၉) သန်း၊ ဘရာဇီးမှာ (၁၂.၄) သန်း၊ ပြင်သစ် (၉.၈) သန်း၊ မက္ကစီကိုမှာ (၆.၈) သန်းနှင့် အီတလီမှာ (၆) သန်းတို့ ရေတွက်ရရှိခဲ့ပါတယ်။

ယခင်က Star Wars: The Force Awakens (2015) ဇာတ်ကားရဲ့ နမူနာဗီဒီယိုက Youtube, ဖေ့စ်ဘုတ်ခ်နှင့် Instagram ကဲ့သို့ ပလက်ဖောင်းများပေါ်မှာ ကြည့်ရှုမှု စုစုပေါင်း အရေအတွက်မှာ (၂၄) နာရီအတွင်း အကြိမ်ပေါင်း (၁၁၂) သန်းနဲ့ စံချိန်ရထားခဲ့တာပါ။

ဒါပေမယ့်  Fifty Shades Darker ရဲ့ နမူနာဗီဒီယိုက The Forces Awakens ထက် ကြည့်ရှုမှု အကြိမ်ပေါင်း (၂) သန်း ကျော်လွန်သွားခဲ့ပြီး (၂၄) နာရီအတွင်း အကြိမ်အများဆုံး ကြည့်ရှုခံရတဲ့ ဇာတ်ကားနမူနာအဖြစ် စံချိန်ချိုးလိုက်ပါတယ်။

ဒါရိုက်တာ James Foley က Fifty Shades Darker ဇာတ်ကားကို ရိုက်ကူးထားပြီး မင်းသား ဂျေမီဒေါ်နမ်နဲ့ မင်းသမီး ဒတ်ကိုတာဂျွန်ဆင်တို့ကပဲ နောက်တစ်ကြိမ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ Fifty Shades Darker ဇာတ်ကားကို ရှေ့နှစ် ဖေဖော်ဝါရီမှာ စတင်ပြသမှာဖြစ်ပါတယ်။

E.L. James ရေးသားတဲ့ လိင်အသားပေး ပထမဇာတ်ကား Fifty Shades of Grey ကို ၂၀၁၅ ခုနှစ်က ကမ္ဘာတစ်လွှားမှ ဝင်ငွေ (၅၇၁) သန်းရရှိခဲ့ကြောင်း Box Office Mojo ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly