ငြိမ်းချမ်းရေး ထိန်းသိမ်းသူများရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း ဂျိုလီပြော

ငြိမ်းချမ်းရေး ထိန်းသိမ်းသူများရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း ဂျိုလီပြော

လန်ဒန် ၊ စက်တင်ဘာ ၉ ။                   ။ ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင်  ငြိမ်းချမ်းရေးထိန်းသိမ်းသူများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများက ကုလသမဂ္ဂ၏ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း  နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

နိုင်ငံတကာတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရသော ဒုက္ခသည် အမျိုးသမီးများ နှင့်တွေ့ဆုံခဲ့ရာ ယင်းအမျိုးသမီးများက ၎င်းတို့ကိုယ်စား တရားမျှတစွာ   ဆောင်ရွက်ပေးရန်   တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျိုလီက ပြောကြားသည်။

“ ဒုက္ခသည် အမျိုးသမီးတွေကို ကာကွယ်ဖို့ တာဝန်ရှိတဲ့သူတွေက အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ခြင်းက ကုလသမဂ္ဂ   ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ ကျွန်မတို့အားလုံး သိထားပါတယ်”  ဟု ဂျိုလီက စက်တင်ဘာ၈ရက်တွင် ပြောကြားခဲ့သည်။

ဂျိုလီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သော ငြိမ်းချမ်းရေးထိန်းသိမ်းသူများကို တရားစွဲဆိုပေးရန် တောင်းဆိုခဲ့ပြီး အမျိုးသမီးများ၏အခွင့်အရေး  ၊ ကာကွယ်မှု နှင့် ပါဝင် ဆောင်ရွက်မှုတို့ကို လုပ်ဆောင်ပေးနိုင်သော ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ချဉ်းကပ်မှုသစ်တစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဂျိုလီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးကိုလည်း တောင်းဆိုခဲ့သည်။” ငြိမ်းချမ်းရေး တပ်ဖွဲ့တွေဟာ ဒီမှာရှိတဲ့ အမျိုးသမီးတွေ အပြင် အမျိုးသားတွေနဲ့ပါ စေ့စပ်ညှိနှိုင်း လုပ်ဆောင်နိုင်စွမ်း ရှိမယ်ဆိုရင် ဒေသတွင်း ပြည်သူတွေရဲ့ ယုံကြည်မှုကို ထပ်မံရရှိနိုင်ပါတယ်” ဟု ဂျိုလီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly