အမျိုးသားလွှတ်တော်ဥက္ကဌ(ငြိမ်း) တင်သွင်းသည့်အဆိုသည် စိတ်ကူးယဉ်ဆန်လွန်းဟု NLD အမတ်တို ့ဆွေးနွေး

အမျိုးသားလွှတ်တော်ဥက္ကဌ(ငြိမ်း) တင်သွင်းသည့်အဆိုသည် စိတ်ကူးယဉ်ဆန်လွန်းဟု NLD အမတ်တို ့ဆွေးနွေး

အမျိုးသားလွှတ်တော် ဥက္ကဌ (ငြိမ်း) လွှတ်တော်အမတ် ဦးခင်အောင်မြင့် တင်သွင်းခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများ စာမတတ်သူ ပပျောက်ရေး အဆင့်မြင့်ပညာသင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူး စီမံကိန်းချ၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုသည် စိတ်ကူးယဉ်ဆန်ပြီး ဘောင်ကျဉ်းလွန်းသည်ဟု NLD အမတ်တို့နှစ်ဦးက လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော်အစည်းအဝေး စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ လွှတ်တော်အမတ် နော်လှလှစိုး နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ လွှတ်တော်အမတ် ဒေါ်အိအိပြုံးတို့က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“အဆိုဟာ ဘောင်ကျဉ်းလွန်းခြင်း၊ ပြည့်စုံခြင်း မရှိတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကြေငြာစာတမ်း စာမျက်နှာ ၁၂ အပိုဒ် ၃ “ ဖက်ဒရယ်ပြည်ထောင်စုနှင့် အညီ တိုင်းရင်းသား ဘာသာစကား ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။ အပိုဒ် ခွဲ (ခ) မိခင် ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်တိုင်း အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ဆိုသည့်အချက်မှာ နိုင်ငံတော်၏ မူဝါဒနှင့်အတူတူဖြစ်တာမို့လို့ ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းရင်း ဆွေးနွေးမှုကို နိဂုံးချုပ်ပါတယ် ” ဟု လွှတ်တော်အမတ် နော်လှလှစိုး ကပြောသည်။

နိုင်ငံတကာတွင် ကျင့်သုံးသကဲ့သို့မူလတန်းတွင် မိခင်ဘာသာစကား ၊ အလယ်တန်း နှင့် အထက်တန်းအဆင့်တွင် နိုင်ငံ၏ အများသုံးဘာသာစကား နှင့် ကမ္ဘာသုံးဘာသာစကား သင်ကြားခြင်းကို လက်တွေ့လုပ်ဆောင်မှသာလျှင် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ဖို့ အင်အားတစ်ရပ်ဖြစ်လာမည်ဟု နော်လှလှစိုးက ပြောသည်။

“ရေဒီယို စတေရှင်လွှင့်ထောင်ပြီး ဘာသာပြန် ဆောင်းပါးများ ထုတ်လွှင့်ပေးခြင်းနှင့် တောင်ပေါ်ဒေသများအတွက် မူလတန်း အဝေးသင်ပညာရေးကို ထိေရောက်အောင်မြင်ရန် အကြံပြုချက်များဟာလည်း လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲပြီး စိတ်ကူးယဉ်ဆန်နေသလားလို့ထင်မြင်မိပါတယ်ရှင် ” ဟု လွှတ်တော်အမတ် ဒေါ်အိအိပြုံးကပြောသည်။

တိုင်းရင်းသားအရေးနှင့် ပညာရေး ကောင်းမွန်ရန် ငြိမ်းချမ်းရေးသည် အရေးကြီးကာ တိုင်းရင်းသား ပညာရေးကို ဆွေးနွေးရာတွင် ဖက်ဒရယ်ပြည်ထောင်စု မူနှင့်အညီ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်ရမည်ဟု ဒေါ်အိအိပြုံး ကဆိုသည် ။

အမျိုးသားလွှတ်တော် ဥက္ကဌ (ငြိမ်း) တင်သွင်းခဲ့သည့်အဆိုကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးလျက်ရှိကာ NLD အမတ်အများစုက မှတ်တမ်းတင်ရန်သာ လွှတ်တော်တွင် ပြောကြားလျက်ရှိကာ အဆိုကို လာမည့်အစည်းအဝေးတွင် အတည်ဖြစ်၊ မဖြစ် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly