မက်ဒေါနား နဲ့ ဂိုင်းရစ်ချီတို့ သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိ

မက်ဒေါနား နဲ့ ဂိုင်းရစ်ချီတို့ သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိ

နယူးယော့ခ် ၊ စက်တင်ဘာ ၈ ။              ။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနား နှင့် ခင်ပွန်းဟောင်းဖြစ်သူ ဂိုင်းရစ်ချီတို့သည် သားဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရော့ကိုအား စောင့်ရှောက်ခွင့် အငြင်းပွားမှုတစ်ရပ်ကို ဖြေရှင်းခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နယူးယော့ခ်ခရိုင်တရားရုံးစနစ်၏ ပြောရေးဆိုခွင့်ရှိသူက မက်ဒေါနား နှင့် ဂိုင်းရစ်ချီတို့သည် သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ကြောင်း   ပြောကြားခဲ့သော်လည်း ရော့ကိုအား မည်သူစောင့်ရှောက်သွားမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ရော့ကိုသည် လန်ဒန်တွင် ဖခင်ဖြစ်သူနှင့်သာ ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ရစ်ချီ၏ရှေ့နေ ပီတာဘရွန်စတင်က ပြောကြားသည်။ ရော့ကိုသည် နယူးယော့ခ်မြို့တွင် မိခင်ဖြစ်သူ မက်ဒေါနားနှင့် နေထိုင်ရန် တရားရုံးအမိန့်ကို လျစ်လျူရှုခဲ့သည့်  ၂၀၁၅ ခုနှစ်ဒီဇင်ဘာလက စောင့်ရှောက်ခွင့်အငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ရော့ကိုသည် ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်တွင် ဖခင်ဖြစ်သူနှင့်အတူနေထိုင်ခဲ့သည့် အချိန်မှစ၍ လန်ဒန်ရှိကျောင်းတွင်သာ တက်ရာက်ခဲ့သည်။ မက်ဒေါနား၏ ရှေ့နေက ကျေအေးမှုနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိပေ။

မက်ဒေါနား နှင့် ရစ်ချီတို့သည် ၂၀၀၀ ခုနှစ်က လက်ထပ်ခဲ့ပြီးနောက် ရှစ်နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly