မသန်စွမ်းသူများ အလုပ်ကိုင်ရရှိရန် ခက်ခဲနေဆဲဟုဆို

မသန်စွမ်းသူများ အလုပ်ကိုင်ရရှိရန် ခက်ခဲနေဆဲဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၆ ။             ။ မြန်မာနိုင်ငံတွင် မသန်စွမ်းများအနေဖြင့် လူမှုပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှု ယခင်ကလောက်မရှိတော့ သော်လည်း အလုပ်ကိုင် ရရှိရေးတွင် ယခင်အတိုင်းခက်ခဲနေဆဲဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြိး ရွှေဘိုမြို့နယ်မှ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမြင့်ကို ကမဇ္ဈိမကို ပြောသည်။

“ မသန်စွမ်းသူတွေ အားလုံးအတွက် အဓိကလိုအပ်ချက်ကတော့ အလုပ်အကိုင်ရရှိရေးပဲ အလုပ်ကိုင်ရရှိပြီးတော့ ဝင်ငွေကိုလည်း သန်စွမ်းသူတွေနှင့် အတူတူ တန်းတူရရှိဖို့ ပေါ့နော် အမှန်တကယ်တတ်မြောက်တဲ့ သူဆိုလို့ရှိရင် ဝင်ငွေကို တန်းတူရရှိဖို့ အဲ့တာလေးတွေလိုအပ်နေပါတယ် “ လို့ ကိုမြင့်ကိုက ပြောသည်။

ဒသမအကြိမ် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှုမြင့်တင်ရေး သင်တန်းဖွင့်ပွဲ အစီစဉ်ကို ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ စင်ထရယ်ဟိုတယ်တွင် စက်တင်ဘာလ ၆ရက်နေ့က ပြုလုပ်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မသန်စွမ်းသူတွေအတွက် လုပ်ငန်းခွင်တွင် မသန်စွမ်းမှုအလိုက် ခွဲခြားထားမှုများ ရှိနေကြောင်းလည်း ၎င်းက ဆက်ပြော သည်။

မသန်စွမ်းများ၏ ၁၅ ရာခိုင်နူန်းသာ အလုပ်ရရှိမှုရှိနေပြီး အလုပ်အကိုင်ရရှိသည့် အမျိုးစားမှာ ဝင်ငွေမမှန်သည့် လုပ်ငန်း များဖြစ်သည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အကြံပေးပုဂ္ဂိုလ် ဦးမောင်မြင့်က ပြောသည်။

ထို့အပြင် မသန်စွမ်းသူများ၏ ၅၁ ရာခိုင်နူန်းကျော်သည် ကျောင်းနေခွင့်မရရှိသူများ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

 “ ကျောင်နေခွင့်ရတဲ့ထဲမှာလည်း မူလတန်းနဲ့ထွက်ရတာပိုများတယ်။ ပြီးတော့ ပညာမတတ်တော့ အလုပ်အကိုင်မရ တာက အဓိကအချက်ပေါ့နော်။ အဲ့လိုပဲနောက်ပြီးတော့ ခွဲခြားဆက်ဆံမှုခံရလို့ အရည်ချင်းရှိပေမယ့်မရတာတို့ အဲဒါ တွေကြောင့် အလုပ်အကိုင်မရတာပေါ့နော်။ “ လို့ ဦးမောင်မြင့်က ပြောသည်။

ပုံမှန်ဝင်ငွေရရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပမာဏမှာ အလွန်နည်းပါးနေပြီး လက်ရှိတွင်  မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အနေဖြင့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး မသန်စွမ်းသူများ အလုပ်ကိုင်ရရှိရေး ဆောင်ရွက်ပေး နေကြောင်းလည်း သိရသည်။

၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို လွှတ်တော်မှအတည်ပြုခဲ့ပြီး နည်းဥပဒေမထွက်ရှိသေးကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှသိရသည်။

ထိုဥပဒေထွက်ပေါ်လာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အရေးနှင့် ခွဲခြားဆက်ဆံခြင်းခံရမှုတို့ကို အထိုက်အလျောက်အကာအကွယ် ရရှိမည်ဖြစ်ကြောင်း ဦးမောင်မြင့်က ပြောသည်။

လက်ရှိ ပြုလုပ်နေသည့် ခေါင်းဆောင်မှုသင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် မသန်စွမ်းလူငယ် ၂၀ဦးကို သင်ကြား ပေးလျှက်ရှိပြီး မသန်စွမ်းသူအချင်းချင်းကူညီဖေးမနိုင်ရန်နှင့် မသန်စွမ်းအသင်းအဖွဲ့များ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်တယ်လို့ သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၄.၆ ရာခိုင်နူန်း လူအယောက်၂၃ သိန်းကျော်သည် မသန်စွမ်းများ ဖြစ်ကြောင်းလည်း မသန်းစွမ်း ရှေ့ဆောင်အဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly