အမျိုးသမီးနှင့် ရွေးကောက်ပွဲ

ရွေးကောက်ပွဲမှာ အမျိုးသမီးငယ်တွေ ဘယ်လိုနေရာက ပါဝင်နိုင်မလဲ

ယခင် အပတ်မှ အဆက်

အမျိုးသမီးနှင့် ရွေးကောက်ပွဲ အစီအစဉ်တွင် လူငယ်အမျိုးသမီးများနှင့်တွေ့ဆုံမေးမြန်း ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် လူငယ် အမျိုးသမီးများ မဲပေးနိုင်မှု အခြေအနေ၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လူငယ် အမျိုးသမီးများကြားတွင် စိတ်ဝင်စားမှု ရှိမရှိ အစရှိ သည်တို့ကို မေးမြန်းဆွေးနွေး ထားခြင်းဖြစ်ကာ ပြီးခဲ့သည့် အပတ်မှ အဆက်ဖြစ်သည်။ 

အဆိုပါ အစီအစဉ်တွင် နိုင်ငံလုံးဆိုင်ရာလူငယ် ကွန်ဂရက်၏ ညှိနှိုင်းရေးမှုး မသင်ဇာရွှန်းလဲ့ရည်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ် တွင် ဂျာမန်ဘာသာအထူးပြုဖြင့် နောက်ဆုံးနှစ် တက်ရောက်နေသော မငြိမ်းချမ်းမေတို့က ပါဝင် ဆွေးနွေးထားခြင်းဖြစ်သည်။
တွေ့ဆုံမေးမြန်းသူမှာ ပျိုးလက်ဟန်ဖြစ်သည်။

ပျိုးလက်ဟန်

လူငယ်တွေကြားမှာ အထူးသဖြင့်ကျေးလက်နယ်တွေမှာပေါ့နော်ရွေးကောက်ပွဲအတွက်ကို မဲပေးဖို့အတွက် စိတ်ဝင်စားမှုလေးတွေ နဲ့ ပတ်သက်ပြီးတော့မှ အခက်အခဲတွေရှိနေသေးတယ် ဆိုတာတွေ့ရတယ်။ ရွှန်းလဲ့လည်း လူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့ သူတို့တွေ တက်တက်ကြွကြွနဲ့ မဲပေးလာဖို့ အတွက် ဘာတွေ လုပ်သင့်တယ်လို့ထင်လဲ။ နောက်ပြီးတော့ လူငယ်အမျိုးသမီးတွေ အနေနဲ့ကော ရွှန်းလဲ့လည်း အတွေ့အကြုံ ရှိခဲ့တော့ နိုင်ငံဖြစ်စဉ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ဘယ်နေရာကနေပြီးတော့ များ ပါဝင်နိုင်မလဲ ညီမလေး။

သင်ဇာရွှန်းလဲ့ရည်

ကျွန်မတို့  ရွေးကောက်ပွဲ စက်ဝိုင်းမှာ ရွေးကောက်ပွဲအကြိုကာလရယ် နောက်ပြီး ရွေးကောက်ပွဲ အတွင်းရယ် ပြီးတဲ့နောက်ပေါ့။ ၃ ပိုင်းခွဲပြီးပြောလို့ရပါတယ်။ ရွေးကောက်ပွဲအကြို ကာလမှာ  လူငယ်တွေ ပါဝင်လို့ရတာက  မဲစာရင်း သွားကြည့်ရင်းနဲ့ သူတို့ကိုသူ တို့ သေချာအောင် လုပ်ဆောင်တာမျိုး။ နောက်ပြီးတော့ သူတို့ရဲ့နာမည် ပါဝင်ရဲ့လား သေချာအောင် စစ်ဆေးမယ်။

မပါရင် ပြန်ပြင်ဖို့ကြိုးစားမယ်။ စသဖြင့် ဒါတွေနဲ့ သူတို့ ပါဝင်လို့ရတယ်။ ဒီရွေးကောက်ပွဲမှာ နောက်တစ်ခုပါ ဝင်လို့ရတာက ကျတော့ ပါတီတွေအနေမှာ လူငယ်တွေ အနေနဲ့ ပါဝင်ပြီးတော့ မဲဆွယ်စည်းရုံးပေးတာ လှုံ့ဆော်ပေးတာ လှုံ့ဆော်ပေးတဲ့ အပိုင်းမှာလည်း နှစ်မျိုး သုံးလို့ရတယ်။ ဘာလို့လဲဆိုတော့ ပါတီတွေအတွက်ဆိုရင် ကိုယ်ရွေးကောက်ချင်တဲ့ အမတ်လောင်း အတွက်ကို ပါဝင်ပြီး မဲဆွယ်စည်းရုံးတာမျိုးမှာ သူတို့ ဒီ campaign တွေမှာ သူတို့ တက်တက်ကြွကြွနဲ့ ပါဝင်လို့ ရတယ်။နောက် တစ်ခုကကျတော့ မဲပေးဖို့ပဲ သီးသန့်ပေ့ါနော်။ အရပ်ဖက် အဖွဲ့အစည်းက လူငယ်တွေ အနေနဲ့ဆိုရင် မဲပေးဖို့ဟာ လူတိုင်းရဲ့ တာဝန်ဖြစ်တယ် မဲပေးဖို့အတွက်ကို ထပ်ပြီးတော့ စည်းရုံးပေးရမယ်။ မဲပေးဖို့ အတွက်ပဲသီးသန့်။

ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာထက်ကို မဲပေးကြတာ ဒါနိုင်ငံသားအခွင့်အရေးဖြစ်တယ်။ ဒါကိုသက်သက် စည်းရုံးလှုံ့ဆော်တဲ့ အပိုင်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လို့ရတယ်။ နောက်ပြီးတော့ ဒီ election ရွေးကောက်ပွဲကာလမှာ ဆိုရင်လည်းသူတို့ က အရေးပါတဲ့ အခန်းကဏ္ဍက ရှိပါတယ် အဲဒါက ဘာလဲဆိုတော့ နိုင်ငံတကာမှာ သိကြတယ်။

လူငယ်တွေကို အဓိက နေရာမှာထားတာက ဒီရွေးကောက်ပွဲ လုပ်တဲ့အခါမှာ တရား မျှတမှုရှိ မရှိ လွတ်လပ်ပွင့်လင်းသလား စသဖြင့် ဒီလိုမျိုးရွေး ကောက်ပွဲဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ ဒါတွေကို အဓိက လေ့လာဆန်းစစ်ကြတာ။ လူငယ်တွေ ကလုံးဝကို ဘက်လိုက်မှုမရှိဘဲနဲ့ ယေဘူယျကျကျ ကြားနေအနေနဲ့ ပါဝင်လို့ရတယ်။ …

နောက်တစ်ခုက အဖွဲ့အစည်းအသီးသီးက လုပ်နေတဲ့ ပရော့ဂျက်တွေရှိပါတယ်။ ဒီ election ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ သုတေသနလုပ်တာ ကျွန်မတို့ဒီ NYC ဆီမှာဆိုရင် လူငယ်တွေဘယ်နှစ်ယောက်လောက်က လာရောက်ပြီးတော့ မဲပေးသွား သလဲ။ လူငယ်တွေရဲ့ခံစားချက်က ဘာရှိသလဲ ။ စသဖြင့်ပေါ့ သုတေသန လုပ်ဖို့လဲရှိပါတယ်။ အဲလိုမျိုးပရော့ဂျက်တွေမှာ ကျွန်မတို့ တက်တက်ကြွကြွပါဝင်လို့ရပါတယ် ဒါကတော့ election အတွင်းပေါ့ ။

election ပြီးသွားတဲ့အခါကျတော့ ရွေးကောက်ပွဲပြီ်းသွားတဲ့အခါကျရင်လည်း ရွေးကောက်ပွဲစနစ် ရွေးကောက် ပွဲရလဒ်ကို ကျွန်မတို့စောင့်ကြည့်တာ နောက်ပြီးတော့ ရွေးကောက်ပွဲရလဒ်က အကယ်၍ပေါ့ မသကာၤစရာဖြစ်ခဲ့တယ်ဆိုရင်လည်း ဒါလူငယ်တွေအနေနဲ့ ကိုယ့်ရဲ့အသံ ကိုယ့်ရဲ့ကိုယ်တွေကိုယ်တိုင်လေ့လာခဲ့တဲ့ အတွေ့အကြုံ အရပေါ့နော် အသံကိုထုတ်ဖော်ဖို့ သိပ်ကိုလိုအပ်ပါတယ်။ ….

နောက်တစ်ခုက ပါတီအနေနဲ့ ရွေးကောက်ပွဲတွေမှာ လူငယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းပါဝင်မှု မြှင့်တင်လာဖို့ အတွက်ဆိုရင် ကိုတာ (ခွဲတမ်းစနစ်)ပေါ့။ ကိုတာထားစေချင်တယ် ကိုယ့်ရဲ့ပါတီမှာ  အမျိုးသမီးကိုတာ ထားသလိုပဲ လူငယ်တွေကိုလဲကိုတာ အချိုး။ ကိုယ်တွေရဲ့ ပါတီမှာရှိနေတဲ့ လူငယ်တွေရဲ့ ကျွမ်းကျင်မှုနဲ့ နောက် တတ်မြောက်မှုပေါ့နော် skill ကိုကြည့်ပြီးတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက်  အဆင်သင့်ဖြစ်ပြီလား စသည်ဖြင့်ပေါ့ မူတည်ပြီးတော့ သူတို့တွေကို  ဦးစားပေးစေချင် ပါတယ်။ ...

နောက်တစ်ခုက ကျွန်မတို့ လူငယ်ဆိုပြီးတော့ အားကျလေးစားရပြီးတော့ လူငယ် ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် အားကျလေးစားရတဲ့သူ ကျွန်မတို့ ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ တော်တော်ကို ရှားပါတယ်။ ကျွန်မတို့ စံပြပုဂ္ဂိုလ်က ရှားတယ်။ လူငယ်ဖြစ်ရမယ် အမျိုးသမီးဖြစ်ရမယ်။ တက်ကြွထက်မြက်ပြီးတော့ လွှတ်တော်အမတ် ဖြစ်နေရမယ်ဆိုတဲ့အခါမှာ ကျွန်မတို့ ရှာရတော်တော်ခက်တယ်။ ဆိုတဲ့အခါမှာ လူငယ်တွေ အနေနဲ့ သူတို့ရဲ့ motivation လို့ပြောတဲ့ လှုံ့ဆော်မှုက အားနည်း တယ်ပေါ့။…

နောက်အသက်အပိုင်းအခြားကို ကျွန်မပြောချင်တယ်ပေါ့။ ကျွန်မတို့ အခု မြန်မာနိုင်ငံမှာဆိုရင် အသက် ၂၅ နှစ်ပြည့်ရင် လူငယ်တွေက ရွေးကောက်ပွဲပါဝင်လို့ရတယ်။ ကိုယ်စားလှယ်ဖြစ်ခွင့် ရှိတယ်ဆိုတာမျိုးတွေ သတ်မှတ်ထားတယ်။ ကျွန်မတို့ပြန် ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ Generationက မျိုးဆက်သစ်တွေက တစ်ခုပြီး တစ်ခုပေါ့နော်။

မျိုးဆက်သစ်တစ်ခုပြီးတစ်ခုကို ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ထက်ငယ်တဲ့ ညီမလေး တို့ဆိုရင် သူတို့ရဲ့အသိပညာပိုင်းဆိုင်ရာ အများကြီးကျွန်မတို့ထက် လွယ်ကူတယ် သတင်းအချက်အလက် အတွက်လည်း အများကြီးလွယ်ကူတယ် ။ သူတို့တွေက ဒီထက် မက တက်ဖို့ဘဲရှိ တော့တယ် ဒီထက်မက ကျွန်မတို့ထက်ပိုပြီးတော့လည်း ကြိုးစားကြတယ်။ သင်ယူလေ့လာကြတယ် ပိုပြီးတော့ လည်းပွင့်လင်းလာတယ်။ ဒီလိုဒီဘက်ခေတ်မှာ မွေးဖွားလာကြတယ် ဆိုတဲ့အခါမှာ ပိုပြီးတော့ တော်တတ်သိမြင်မှုက ပိုများတယ်။ ကျွန်မကတော့ အခုဒီရွေးကောက်ပွဲ မဟုတ်ရင်တောင်မှ ၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်တွေရဲ့သတ်မှတ်မှုပေါ့နော်။

အသက်အကန့်အသတ်ကို ကျွန်မကတော့ လျော့ချပေးစေချင်တယ်။ ဒါဆိုရင် လူငယ်တွေပိုပြီးတော့သူတို့အတွက် ဟာ..ငါတို့ အတွက် ငါတို့အသက်နဲ့ ညီနေပါလား။ အသက် ၂၁ နှစ်ရှိနေပြီ ဆိုရင် ကိုယ်လည်း ဝင်ပြိုင်လို့ရပြီဆိုရင် ပိုပြီးတော့ ရွေးကောက်ပွဲ ဝင်ချင်လာတဲ့စိတ်ဓါတ်တွေ ပိုပြီးတော့ အားထက်သန်လာမယ်။  အာဆီယံနိုင်ငံမှာဆိုရင် ဖိလစ်ပိုင်ရှိမယ် အင်ဒိုနီးရှားရှိမယ် အဲ့ဒီမှာဆိုရင် အသက် ၂၁ နှစ်ပြည့်ပြီးဆိုတာနဲ့ကို သူတို့က ရွေးကောက်ပွဲဝင်လို့ရတယ်။ သူတို့က ၂၁ နှစ်ဆိုရင် ကျွန်မ တို့ မြန်မာနိုင်ငံအတွက် မေးခွန်းထုတ်စရာရှိတယ် မြန်မာနိုင်ငံရဲ့ ပညာရေး အရည်အချင်းအရ အဲလိုမျိုးဖြစ်ကော ဖြစ်ပါ့မလား။…

နောက်ရွေးကောက်ပွဲလို့ ပြောရင် ဒီလိုမျိုး အထွေထွေရွေးကောက်ပွဲတွေ မဟုတ်ဘဲနဲ့ ကျွန်မတို့ရပ်ကျေး အဆင့်ပေါ့နော်။ ရွေးကောက်ပွဲတွေကိုလည်း ကျွန်မတို့ အာရုံစိုက်စေချင်ပါတယ်။ လူငယ်အမျိုးသမီးတွေက အခု အချိန်မှာ တက်တက်ကြွကြွနဲ့ ရပ်ရွာကောင်းကျိုးတွေ လုပ်ဆောင်နေတယ် ဆိုရင် သူတို့တွေအနေနဲ့ ရပ်ကျေး အဆင့်မှာ ရွေးကောက်ခံရဖို့ သိပ်ကိုများပါတယ်။ ရာခိုင်နှုန်းက ပိုများပါတယ်။  လူငယ်တွေအနေနဲ့ ဒီလိုမျိုး ပြည်ထောင်စု လွှတ်တော်ကြီးမှာ ထိုင်နေမှ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်တာမျိုးမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ပါဝင်တာမျိုးမဟုတ်ဘူး ရပ်ကျေး အဆင့်ရွေးကောက်ပွဲတွေမှာ တက်တက်ကြွကြွနဲ့ ကိုယ့်ရပ်ရွာအတွက်ကို ရာအိမ်မှူးတွေ ဘယ်သူ့ကိုရွေးချယ်မလဲ ရာအိမ်မှူးကတဆင့် ဒီအုပ်ချုပ်ရေးမှူး အဆင့်ကို ရွေးတဲ့အခါမှာ ကိုယ်ကိုတိုင်ဝင်ပြိုင်မလား စသဖြင့် စတင်စဉ်းစားလို့ရပါတယ်။ ဒါက အခြေခံအကျဆုံး ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက မဏ္ဍိုင်ဖြစ်တယ်။ ရပ်ကျေးအဆင့် ဒီရွေးကောက်ပွဲတွေကိုလည်း ဦးစားပေးစေချင်တယ် အဲဒီမှာလည်း ပါဝင်ဖို့ ကျွန်မတိုက်တွန်းချင်ပါတယ်။

ပျိုးလက်ဟန်

ပြည့်ပြည့်စုံစုံဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ။  တကယ်လို့သာ ငြိမ်းချမ်းမေသာ ရွေးကောက်ပွဲမှာ လူငယ်တစ်ယောက်အနေနဲ့ ရွေးကောက်ခံမယ်ဆိုရင် နောက်တစ်ခြား လူငယ်တွေလည်း သိရအောင်လို့ ဘယ်လိုအရည်အချင်း မျိုးတွေရှိသင့်တယ်လို့ထင်လဲ နောက်ဘာတွေကိုထပ်ပြီးတော့မှဖြည့်ဆည်းပေးဖို့လိုအပ်သလဲ။နောက်တစ်ခုကကျတော့ရွေးကောက်ပွဲ မှာလူငယ်တွေခုနက ရွှန်းလဲ့ပြောသလိုရွေးကောက်ခံလာဖို့အတွက်ကောဘာတွေများပြည်သူလူထုအနေ နဲ့ကောနိုင်ငံတော်အနေ နဲ့ပံ့ပိုးပေးဖို့ လိုအပ်သလဲညီမလေး။

ငြိမ်းချမ်းမေ

ကျွန်မအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မဲ့ကိုယ်စားလှယ် လောင်းတစ်ယောက်ဖြစ်မယ်ဆိုလို့ရှိရင် နံပါတ်၁ အချက်ကတော့ ကိုယ့်ကို ကိုယ် ပြည်သူက ပေးတဲ့မဲတစ်ပြားနဲ့ ပြည်သူတွေပေးမဲ့မဲအများနဲ့ ကိုယ့်ကိုကိုယ် တန်တဲ့ထိုက်တန်တဲ့သူတစ်ယောက်အောင် စွမ်းရည်တွေ ဖြည့်ရမယ်။  ကိုယ်က နိုင်ငံရေးလုပ်မယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုပေမဲ့ ကျွန်မတို့နိုင်ငံမှာ နိုင်ငံရေးတစ်ခု တည်းမဟုတ် ဘူး အဘက်ဘက်မှာ ကျွန်မတို့က လိုအပ်နေသေးတဲ့ အပိုင်းတွေရှိတယ် စီးပွားရေးဘက်ပဲ ကြည့်မလား လူမှုရေးဘက်ပဲ ကြည့်မလား တစ်ခြားတစ်ခြားသော ပညာရေးဘက်ဘဲကြည့်မလား ကျွန်မတို့က ဘယ်နေရာကို လူငယ်တစ်ယောက် အနေနဲ့ တိုင်းပြည်ရဲ့ဘယ်နေရာကို ပြင်ပေးချင်သလဲ ဒါမှမဟုတ် အဲဒီပြင်ပေးတဲ့ ယန္တရားပိုင်းမှာ ငါဝင်ပြီးတော့ဘယ်လို ပါဝင်ဆောင်ရွက် မလဲ။ အဲဒါ ပထမဆုံး စဉ်းစားမယ်။ ….

ကျွန်မတို့လုပ်ချင်တဲ့ နယ်ပယ်က အရမ်းကျယ်ပြန့်လွန်း အားကြီးလို့ရှိရင်လည်း ဒီတစ်ခုထဲမှာ အာရုံမစိုက် နိုင်တော့ဘူး။ ကျွန်မတို့ တစ်ခုကို အရင်ဆုံးရွေးရမယ်။ ပြီးရင် နံပါတ်၂ အချက်က ကျွန်မတို့ ဝင်မယ့် ရွေးကောက်ပွဲပေါ့ ရပ်ကျေးမှာပဲ ငါ့ရဲ့ရပ်ရွာအတွက် အရင်ဆုံး ငါအကျိုးပြုမယ်။ ပြီးရင် ငါလွှတ်တော်ထဲသွားမယ်ပေါ့နော်။ ….

ကျွန်မတို့နိုင်ငံမှာ ဒီလိုမျိုးငယ်ရွယ်ပြီးတော့ တက်ကြွတဲ့ အမျိုးသမီးလွှတ်တော်အမတ်တွေ အများကြီးလိုပါတယ်။ လူငယ်အမျိုးသမီး လွှတ်တော်အမတ်တွေပေ့ါနော်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ငယ်လည်းငယ်ရမယ်။ လှလည်း လှတယ်။ တက်လည်းတက်ကြွ တယ်။ 

ပြီးတော့ တော်လည်းတော်တယ်ပေါ့နော်။ အဲလိုအမျိုးသမီးလေးတွေ လွှတ်တော်ထဲထိုင်နေရင် ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံးတွေမှာ ထိုင်နေရင် အဲလိုစီမံခန့်ခွဲနေရင် ဘယ်လောက်များ လှမလဲ။ ကျွန်မတို့နိုင်ငံက ဆိုတော့ နောက်တစ်ခုကကျတော့ ဒီနိုင်ငံအဆင့် ကျွန်မတို့ လူငယ်အမျိုးသမီးတွေ လူငယ်အမျိုးသားတွေ ရွေးကောက်ပွဲကိုဝင်နိုင်အောင် ဘာလုပ်ရမလဲဆိုရင် မရွှန်းလဲ့ေ့ပြာသလိုပဲ အသက်အပိုင်းအခြားပါ။ အသက်အပိုင်းအခြားကို ကျွန်မတို့ စကားပြောဖို့လိုလိမ့်မယ်။ …

ပြည်သူတွေဘက်ကလည်းလူငယ်လွှတ်တော်အမတ်တွေ အမျိုးသမီးလူငယ်လွှတ်တော်အမတ်တွေ အမျိုးသား လူငယ်လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမှာ များများရအောင် လုပ်ရမယ်။ ကျွန်မတို့ဆီမှာ ငယ်တဲ့သူဆိုလို့ရှိရင် ယုံကြည်စိတ်ချမှုက အဲလိုမျိုးကို နည်းတယ်။

လူကြီးကောလူငယ်ကော ယှဉ်လိုက်ရင် လူကြီးကို ယုံကြည်စိတ်ချမှုက ပိုတယ်ပေါ့နော်။ ဒါပေမဲ့ ဟုတ်ပါတယ် ကျွန်မတို့အတွက် အတွေ့အကြုံ ကတော့ကွာလိမ့်မယ်။ ဒါပေမဲ့ အိုကေ လူငယ်လွှတ်တော်အမတ် တစ်ယောက်လည်းရှိမယ်။ လူကြီးလွှတ်တော် အမတ်တစ်ယောက်လည်း ရှိမယ်ဆိုရင် ဒါသူတို့ ဒေသအတွက်ပေါ့နော် ပိုပြီးတော့ ကောင်းမွန်လာမယ်။ သူတို့ကို ကိုယ်စားပြု မှုကောင်းလာမယ် ပိုကောင်းလာမယ်ဆိုတာကိုလည်း ပြည်သူလူထုအနေနဲ့ သိဖို့်လည်း လိုအပ်ပါတယ်ရှင့်။

ပျိုးလက်ဟန်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags