နိုင်ငံရေးဆွေးနွေးမှုတွင် ပူးပေါင်းပါဝင်ရန် တအာင်းတပ် ဆန္ဒရှိနေ

နိုင်ငံရေးဆွေးနွေးမှုတွင် ပူးပေါင်းပါဝင်ရန် တအာင်းတပ် ဆန္ဒရှိနေ

ချင်းမိုင်၊ စက်တင်ဘာ ၄  ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က စက်တင်ဘာလ ၃ ရက်က ပြောဆိုလိုက်သည်။

PSLF/TNLAအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ ညီလာခံ)ကို ထောက်ခံကြိုဆိုကြောင်းနှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံအဖြေရှာရန် အပြည့်အဝ ဆန္ဒရှိကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“ကျနော်တို့က နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အမြဲတမ်း အဆင်သင့်ပါ။ အခုက ၂၁ ရာစုပင်လုံညီလာခံ ကျင်းပသွားပြီးပြီ ဒါကိုလည်း ထောက်ခံကြိုဆိုတယ်။ ပြည်တွင်း   ပြဿနာကို   ဖြေရှင်းဖို့ လမ်းကြောင်းတခုပေါ်လာပြီ။ ဒါကို ကြိုဆိုတယ်။ နောက်တခုက မြန်မာပြည်မှာ ဖြစ်နေတာက နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒါကြောင့်မှု နိုင်ငံရေးနည်းနဲ့ဖြေရှင်းချင်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်”ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

၂၁ ရာစုညီလာခံတွင် TNLA က ပါဝင်ခွင့် မရသော်လည်း လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်ခွင့် ပြုရန်၊ ပူးပေါင်း ပါဝင်ရန်လည်း ဆန္ဒရှိကြောင်း လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ဖိတ်ကြားလာပါက ပူးပေါင်းပါဝင်ရန် အဆင်သင့်ရှိသည်ဟု သူက မဇ္ဈိမကိုပြောသည်။ 

“ကျနော်တို့က ညီလာခံလည်း မတက်ရဘူး။ ပါဝင်ခွင့်လက်မခံထားဘူး။ အခုအချိန်မှာတော့ စစ်ရေးပိုပြီး ပြင်းထန်လာမယ့် အနေအထားရှိတယ်။ ဒါကြောင့် လူထုကို မစိုးရိမ်ကြဖို့၊ ကျနော်အဖွဲ့က စစ်ရေနဲ့ မဖြေရှင်းဘဲ အတတ်နိုင်ဆုံး တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ရှားမယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားသွားမယ်”ဟု သူက ပြောသည်။ 

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပါဝင်ပံ့ပိုးသည့်အနေဖြင့် မိမိတို့ ဒေသအတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ်ကို အတတ်နိုင်ဆုံး ဆက်လက် ရှောင်ရှားပြီး ထိတွေ့မှု ဆက်လက် လျော့ချသွားပါမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ ကျင်းပသော ၂၁ ရာစုပင်လုံ ညီလာခံသည် မြန်မ့ာနိုင်ံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်လာရန် ခြေလှမ်းအဖြစ်   ထောက်ခံကြိုဆိုကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။ 

လက်ရှိ TNLA  ဒေသအတွင်း တပ်မတော်၏ ထိုးစစ်ဆင်မှုများရှိသော်လည်း တိုက်ပွဲ မဖြစ်ပွားရန် ရှောင်ရှားခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ ရက်သတ္တ ကျော်ကြာပြီ ဖြစ်ကြောင်း သိရသည်။ 

TNLA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မေတာ်၊ ကိုးကန့်တပ်(MNDAA)နှင့် ရက္ခိုင်တပ်မတော်(AA) တို့ သုံးဖွဲ့ကို တပ်မတော်ဘက်မှလိုလားသည့် လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ရန် ဆန္ဒအပြည့်အဝေ ရှိကြောင်း စာသားပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးရန် ပြောဆိုမှုကို လက်မခံခဲ့သဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ခွင့်မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags