နေပြည်တော်၊ စက်တင်ဘာ ၁ ။ ။ မြန်မာနိုင်ငံ ဆေးလိပ် နှင့် ဆေးရွက်ကြီးထုတ် ပစ္စည်းများတွင် သတိပေးရုပ်ပုံ နှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာသည် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ အာဏာသက်ရောက်ပြီဖြစ်ကြောင်း သိရသည်။
အမိန့်ကြော်ငြာစာ စတင်အာဏာသက်ရောက်ခြင်းကို အသိပေးရှင်းလင်းသည့်အနေဖြင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန တွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်နိုင် ဝင်းက ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည် ။
“ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့အတွက် (၆) လ ပြည့်မြောက်ပြီဖြစ်တဲ့ ယနေ့စက်တင်ဘာလ (၁) ရက်နေ့မှာ စတင် အာဏာ သက်ရောက်ပြီဖြစ်ပါတယ် ” ဟု ဒေါက် တာ သက်နိုင်ဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှု ရာခိုင်နှုန်းမှာ (၂၆.၁%) ရှိပြီး အမျိုးသားများ၏ (၄.၃၈ %) နဲ့အမျိုးသမီးများ၏ (၈.၄ %) ဟာ ဆေးလိပ်သောက်သုံးသူများ ဖြစ်နေကြသည်ဟု ဒေါက်တာသက်နိုင်ဝင်းက ဆိုသည် ။
ဆေးရွက်ကြီးပါသည့် ကွမ်းယာ စားသုံးမှုနှုန်းသည်လည်း (၄၃.၂%) ရှိပြီး အမျိုးသားများ၏ (၆၂.၂) ရာခိုင်နှုန်း ၊ အမျိုး သမီးများရဲ့ (၂၄.၁ %) ရာခိုင်နှုန်းခန့်ရှိနေသည်။
ကျောင်းသားလူငယ်ထု အတွင်းတွင်လည်း (၇ %)ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံးနေကြပြီး (၁၇ %) မှာ ဆေး လိပ် ဆေးရွက်ကြီး ကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေသည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“ ဆေးလိပ်ဘူးခွံများ နှင့် အထုပ်အပိုးများပေါ်တွင် ကျန်းမာရေး သတိပေးချက်များကို ရုပ်ပုံ စာသား များနဲ့တွဲပြီး ထင် ရှား စွာဖော်ပြခြင်းဖြင့် လက်ရှိ ဆေးလိပ်သောက်သုံး နေသူများရော စမ်းသပ်သောက်သုံးနေသူများအတွက်ပါ ဆေးလိပ် အန္တရယ်ကို ထင်ထင်ရှားရှားသိသွားစေပြီး ဆေးလိပ်သောက်သုံးမှု လျော့နည်းသွားဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ် ” ဟု ဒေါက်တာ သက်နိုင်ဝင်းက ဆိုသည်။
အမိန့်ကြော်ငြာစာပါ အချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း ထုတ်လုပ်သူ ၊ ဖြန့်ဖြူးသူ ၊ ရောင်းချသူများ တိတိကျကျလိုက်နာရန် ဌာနဆိုင်ရာများက စောင့်ကြပ်ကြည့် ရှုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည် ။